
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ကျောက်မှော်ရွာအပါဝင် ကျေးရွာ ၇ ရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၇ ရက် မနက်ကစတင်ပြီး တနေကုန် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်ကစတင်ပြီး ရွှေတောင်ဦးကနေ ကျောက်မှော်ရွာကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ကျောက်မှော်ရွာသားတယောက်က “မနေ့က ရွှေတောင်ဦး အကျိုးကန်းကုန်းကနေ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ခြေလျင်ထိုးလာပြီး နှောပင်၊ ပန်းထိမ်ပြင်၊ ကျောက်မှော်ရွာတွေမှာ တပ်ဖြန့်ထားပြီး ညအိပ်တပ်စွဲပြီး ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ခင်းပိုင်းမှာ ကျောက်မှော်ရွာကို မီးရှို့တယ်။ ချင်းတွင်းမြစ်ကမ်းဘေးမှာ နေကြတဲ့ ရေလုပ်သားတွေရဲ့ တဲအဆောက်အအုံတွေပါ မီးရှို့တယ်။ နေ့ခင်းပိုင်းမှာ ကျောက်မှော်ရွာအနီး အင်ဖျား၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျှာ စတဲ့ ကျေးရွာတွေကို မီးရှို့နေတယ်ဗျ။ အခုညနေပိုင်းမှာ ကျောက်မှော်ရွာရဲ့ အနောက်ပိုင်းကို ရှို့နေကြပြန်ပြီဗျ။ စစ်ကြောင်းက ရွာထဲကနေ မထွက်သေးလို့ မီးလောင်ပျက်စီးတဲ့ အိမ်အလုံးအရေအတွက် အတိကျတော့ မသိနိုင်သေးဘူး။ သူတို့ရွာထဲကနေ မီးရှို့တာကို အဝေးကနေပဲ မီးခိုးလုံးတက်လာတာကိုပဲ ထိုင်ကြည့်နေကြရတာပေါ့” လို့ ပြောပါတယ်။
အမည်မဖော်လိုတဲ့ တောလှန်ရေးခေါင်းဆောင်တယောက်က “ကျေးရွာအားလုံးက ပြည်သူတွေက တော့ အကုန်ထွက်ပြေးနေကြရတာ။ စစ်တပ်က ရွာတွေကို မီးရှို့ရုံမကဘူး၊ နေ့လယ်က နမခကနေ gyrocopter ၃ စီး နဲ့ ဗုံးလာကြဲချသွားသေးတယ်။ နေ့ခင်းပိုင်းကတော့ ကျောက်မှော်ရွာအနီးမှာ တိုက်ပွဲတော့ ခဏဖြစ်ကြသေးတယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကို လာမယ်ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာ ထွက်ပေါ်နေချိန်ကစလို့ စစ်တပ်က မုံရွာအတွင်းမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားသလို မုံရွာမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘုတလင်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ချောင်းဦး စတဲ့ မြို့နယ်တွေအထိ နယ်မြေရှင်းလင်းရေး အကြောင်းပြကာ စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်တွေကို အခုလို မီးရှို့နေတယ်လို့ သိရပါတယ်။


