
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်တပ်က ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီခွဲကျော်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး တယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လာရောက်ကြဲချတဲ့ ဂျိုင်ရိုကော်ပတာဟာ မုံရွာ နမခ ကနေ တက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “လာကြဲချတာက ၂ စီး ကြဲချတာဗျ။ မုံရွာကနေ ၁ နာရီခွဲက တက်လာပြီး ကျနော်တို့ရွာကို ၂ နာရီ ၂၁ မိနစ်မှာ ရောက်လာပြီး ၁၂၀ မမ ၂ လုံးနဲ့ ကြဲချ တိုက်ခိုက်သွားတယ်ဗျ။ အဲလိုကြဲချလို့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦး သေဆုံးပြီး နောက်ထပ် ပြည်သူ ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်ဗျ။ နောက်ပြီး နွားတကောင်လည်း သေဆုံးသလို လူနေအိမ် ၃ လုံး ပျက်စီးခဲ့ရတယ်” လို့ ပြောပါတယ်။
စစ်တပ်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းကို လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်းတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး အခုလို ထိုးစစ်ဆင်နေတာဟာ မြိုင်နဲ့ ပေါက်မြို့နယ်တွေက ရေနံထွက်ရှိရာ ဒေသတွေကို ပြန်လည်ရယူဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “တိုက်ပွဲက မဖြစ်ဘူး။ သူတို့ဘက်က အခုလို ကျနော်တို့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပြည်သူ့ရွာတွေကို ကြဲချနေတာ နေ့တိုင်းနီးပါး ဖြစ်နေပြီ။ ပြည်သူတွေလည်း ရှောင်တိမ်းနေကြရလို့ အလုပ်တောင် ကောင်းကောင်းကို လုပ်မစားကြရပါဘူး။ အဓိကတော့ စကစဘက်က ရေနံထွက်ရာနေရာတွေကို ရချင်လို့ အခုလိုလုပ်နေတာ။ စစ်တပ်ကို ဘာပြောချင်လဲဆိုတော့ ယောကျ်ားမှန်ရင် လေယာဉ်မသုံးဘဲ မြေပြင် သူပစ်-ကိုယ်ပစ် လုပ်ရဲရင် လာခဲ့ပါ။ အခုလို ဝေဟင်ကနေ ဗုံးကြဲချတော့ မဆိုင်တဲ့ ပြည်သူတွေ အသက်ဆုံးရှုံးနေတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်” လို့ ပြောပါတယ်။
ဘုန်းကြီးကန်ရွာဟာ မြိုင်မြို့နဲ့ ၁၄ မိုင်အကွာ မြောက်ပိုင်းမှာတည်ရှိကာ အိမ်ခြေ ၅၀၀ ခန့် ရှိတယ်လို့လည်း သိရပါတယ်။


