စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စာသင်ကျောင်းကို ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကြကာ စာသင်ကျောင်းဆောင်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကောလင်းနယ်အရှေ့ခြမ်းက မုတ်ဝရွာ အ.မ.က စာသင်ကျောင်းကို ညနေ ၃ နာရီကျော်ကနေ ၃ နာရီခွဲဝန်းကျင်အထိ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်းမှာ ဗုံး ၄ လုံး ကြဲချသွားတာလို့ Kawlin Revolution (KR) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် စာသင်ကျောင်းအနီးမှာ ရှိနေကြတဲ့ ဒေသခံပြည်သူ ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့အပြင် အဆိုပါ အခြေခံပညာမူလတန်းကျောင်းက စာသင်ကျောင်းဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးသွားပါတယ်။
ကောလင်းခရိုင် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “ကောလင်းနယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်မို့လို့ စာသင်ကျောင်းတွေ ပိတ်ထားတာတော့ ကြာပါပြီ။ သူတို့ ဗုံးကြဲသွားတဲ့ မုတ်ဝရွာ စာသင်ကျောင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချနေတာမရှိဘူး ဆိုတာ သေချာပါတယ်။ တိုက်ပွဲဖြစ်နေတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။
စစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိထားဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။








