
မကွေးတိုင်း၊ အောင်လံမြို့နယ် ဧရာဝတီ တပ်ရင်း ၃ က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က တဘက်ကမ်းကိုဖြတ်ကူးချိန် စစ်ကောင်စီကင်းပုန်းရဲ့ တိုက်ခိုက်တာခံရပြီး ၃ ယောက် ကျဆုံးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဧရာဝတီမြစ်ကိုဖြတ်ကူးချိန် ညောင်ပင်ဆိပ်ကျေးရွာအနီးမှာ စစ်တပ်ရဲ့ ကင်းပုန်းနဲ့တွေ့လို့ တိုက်ခိုက်ခံရတာဖြစ်ပြီး အရပ်သား ၃ ယောက်လည်း ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတပ်ရင်း ၃ နဲ့ နီးစပ်သူတယောက်က “စစ်တပ်က အင်အားအများအပြားနဲ့ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့တာ။ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ၃ ဦး ကျဆုံးခဲ့တယ်။ သေနတ် ၄ လက်နဲ့ ကျည်တချို့ ပါသွားတယ်။ အင်အားအလွန်ကွာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်” လို့ပြောပါတယ်။
တော်လှန်းရေးတပ်ဖွဲ့ဝင် ၃ ယောက်တင်မကဘဲ ညောင်ပင်ဆိပ်ဒေသခံတွေကိုပါ စစ်တပ်က ရမ်းသန်းပစ်ခတ်လို့ ရွာသား ၃ ယောက်လည်း သေနတ်ကျည်ထိမှန် သေဆုံးသွားခဲ့တယ် လို့ဆိုပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ အင်အားအလုံးအရင်းနဲ့ ကင်းပတ်တာ၊ ကင်းပုန်းဝပ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။


