
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်တပ်က နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ဒီရက်ပိုင်းမှာပဲ ပြည်သူ ၄ ယောက် သေဆုံး၊ အိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀ ရက် မနက် ၁၀ နာရီလောက်က စောပြာကျေးရွာကို တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ပေါင်းနေတဲ့ ပျူစောထီးခေါင်းဆောင် ရဲကျော်ရဲ့အိမ် အပါအဝင် ပြည်သူတွေရဲ့ အိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ခတ်ချိုကုန်းကျေးရွာပေါ်ကို Paramotor နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ယောက်သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းမှာလည်း စောပြာကျေးရွာပေါ်ကို Paramotor နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Paramotor ၃ စင်းနဲ့ လာရောက်ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ သက်ကြီးပိုင်း လင်မယားနှစ်ယောက်ပါတယ်လို့လည်း သိရပါတယ်။
စောပြာရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ရော Paramotor တွေနဲ့ပါ ဗုံးကြဲနေသလို အမှတ် ၃၄၄ အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။


