
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်မှာ စစ်တပ်က အင်အား ၃၀၀ လောက်ပါတဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂုတ်ကြီးကျေးရွာက စခန်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ဓာတ်ပုံတွေနဲ့တကွ တင်ထားကြပါတယ်။
ဂုတ်ကြီးကျေးရွာကို စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ခဲ့တာ မှန်ပေမမဲ့ ဂုတ်ကြီးကျေးရွာ တရွာလုံးကို လက်လွှတ်ထားရတာမျိုး မဟုတ်သေးဘဲ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက ဂုတ်ကြီးကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတော့ ရှိတယ်။ ဂုတ်ကြီးကျေးရွာတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာတော့ မရှိသေးဘူး။ တိုက်ပွဲက အတော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ။ ပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီစစ်ကြောင်းတွေကို ပြင်းပြင်ထန်ထန် ခုခံနေပြီးတော့ ဂုတ်ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။”
ဂုတ်ကြီးကျေးရွာကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နတ်ရေကန်စခန်းကို ဝိုင်းရံပိတ်ဆို့ထားကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်ရေကန်ဗျူဟာကို အမ်း-ပဒါန်းလမ်းဟောင်းကနေတဆင့် အင်အားတွေ ဖြည့်တင်းနေတာတွေရှိပြီး နတ်ရေကန်ဗျူဟာထဲမှာလည်း ခံစစ်တွေ အခိုင်အမာ ပြုလုပ်နေတာတွေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“စစ်ကောင်စီက နတ်ရေကန်ကို အမ်း-ပဒါန်းလမ်းဟောင်းကနေ တက်နေတာတွေတော့ ရှိတယ်။ အဲဒီလမ်းဟောင်းကို ရာနှုန်းပြည့်မဟုတ်ပေမဲ့ အပိုင်းလိုက်နေပြီးတော့ ထိန်းကျောင်းသွားနိုင်မဲ့ သဘောမျိုး ရှိတယ်။ နတ်ရေကန်ဗျူဟာမှာလည်း သူတို့က ခံစစ်အခိုင်အမာ ပြုလုပ်နေကြတာတွေတော့ ရှိတယ်။ စစ်ကောင်စီက ဂုတ်ကြီးကို သိမ်းပိုက်တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ မြေပြင်မှာတော့ မသိမ်းနိုင်သေးဘူးလို့ သတင်းတွေ ကြားနေရတယ်။”
နတ်ရေကန်စခန်းဟာ ရခိုင်နဲ့ ပဲခူးအစပ်မှာရှိတဲ့ ဗျူဟာမြောက်စခန်းဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ဆုံးရှုံးမခံရဖို့ မဖြစ်မနေကာကွယ်မှာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်ရေကန်တိုက်ပွဲမှာ တပ်မ-၉၉ နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ အင်အားပြုန်းတီးလာလို့ စက်တင်ဘာလကတည်းက စကခ- ၁၄၊ စကခ- ၁၇ တပ်မတွေက ပူးပေါင်းတပ်တွေနဲ့ အစားထိုး တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာစခန်းကို ၂၀၂၅ ခုနှစ် အစောပိုင်း ကတည်းက တိုက်ခိုက်နေကြတာဖြစ်ပြီး ဂုတ်ကြီး၊ ဂုတ်စည်းနဲ့ တာဝါတိုင်စခန်းတွေအပါဝင် ကာကင်းစခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားပါတယ်။


