
စစ်တပ်က ရွေးကောက်ပွဲကျင်းပမဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ညဘက်အသွားအလာ ကန့်သတ်ထားပြီး ဘောလခဲမြို့ပတ်လည်ကိုလည်း လုံခြုံရေးအပြည့်ယူထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမဲ့အထဲမှာပါတဲ့ လွိုင်ကော်မြို့မှာ စစ်တပ်က လုံခြုံရေး အင်အားတွေ တိုးထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ညဘက်အသွားအလာ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် ညအချိန်မတော် လူနေအိမ်တွေကို ရှောင်တခင် ဝင်စစ်ဆေးနေတယ်လို့ မြို့တော်လွိုင်ကော်ရဲ့ လုံခြုံရေးနဲ့ ရွေးကောက်ပွဲအပေါ် လူထုက စိတ်ဝင်စားမှု အခြေအနေတွေကို မြို့ခံတယောက်က ပြောပါတယ်။
လွိုင်ကော်မြို့ခံတယောက်က “ည ၁၁ နာရီနောက်ပိုင်းဆို လမ်းတွေကိုပိတ်ပြီးဖမ်းတယ်။ အိမ်တွေထဲဝင်တယ်။ ဝင်စစ်တဲ့အဖွဲ့တွေက အစုံပဲ ယာဥ်ထိန်းရဲတောင်ပါတယ်။ မနက် ၄ နာရီအထိ လမ်းတွေပေါ်မှာ ကားတွေနဲ့ပတ်စစ်နေတာ။ ရွေးကောက်ပွဲကတော့ သူတို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မှာပဲ။ လုံခြုံရေးအင်အားက အရင်လိုမဟုတ်ဘူး။ အဲဒီတော့ မဲထည့်ဆို ထည့်ရမှာပဲ ကြောက်ရတာကို” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် ဘောလခဲဘက်မှာတော့ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်တပ်က မြို့ပတ်ပတ်လည်ကို နယ်မြေရှင်းလင်းရေးဝင်နေပြီး မဲရုံကတော့ စစ်တပ်ဗျူဟာ တပ်ရှိရာ နေရာတွေမှာပဲ လုပ်မယ်လို့ UEC က ပြောထားပါတယ်။
ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်ခံထားရတဲ့ ဘောလခဲမြို့ထဲမှာ ပြည်သူ ၂၀၀ နီးပါ ကျန်နေသေးတယ်လို့ ဘောလခဲဒေသခံ စစ်ရေးရင်းမြစ်တယောက်က ပြောပါတယ်။
“သူ့ရဲ့ဘောလခဲမှာ သူလုပ်ဖို့ လုံခြုံရေးအတွက်ပေါ့။ ဖားဆောင်းဘက်တကြောင်းရယ်၊ ပြီးတော့ ရွာသစ်ဘက်တကြောင်း။ အဲဒါ သူက ဘောလခဲပတ်ပတ်လည်မှာ လုံခြုံရေးယူထားပြီးမှ လုပ်ချင်တဲ့ အနေအထားပေါ့။ ဆိုလိုတာက ဘောလခဲကို လေးဘက်လေးတန် ကာထားတာပေါ့။ ပြီးတော့ အဲမှာသူတို့ကို ထောက်ခံတဲ့ ကျန်ခဲ့တဲ့ ပြည်သူက အယောက် ၂၀၀ လောက် ရှိနေသေးတယ်။”
ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် မဲပေးရမဲ့မဲရုံတွေနဲ့ မဲရုံတွေအနီးနား ပတ်ဝန်းကျင်မှာ ပြည်သူတွေအနေနဲ့ သွားလာနေထိုင်တာမလုပ်ဖို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးစောအယ်မွှီးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်ရှိ မြို့နယ် ၇ ခုထဲက လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆို စတဲ့မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်မှာဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေ အပြည့်အဝထိန်းချုပ် ထားတဲ့ မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်းမြို့နယ်မှာတော့ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။
ရွေးကောက်ပွဲလုပ်မဲ့ မြို့နယ် ၄ မြို့နယ်ထဲမှာမှ ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၄၅ ခုမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မောရစ်


