
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ် လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာနေပါတယ်။
တန်ဂျာကျေးရွာအနီးမှာ ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၅ ယောက်ထက်မနည်း ဖမ်းဆီးရမိခဲ့တယ်လို့ KPDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“သုံ့ပန်းတွေ ဖမ်းမိတယ်ဆိုတာ လိုင်းပေါ်မှာ တက်လာတာတော့ ဟုတ်ပါတယ်။ သုံ့ပန်းတွေကတော့ အဲဒီ ခေါင်လန်ဖူးမြို့နယ် လန်ဆယ်ဘက်က တက်သွားတဲ့ ခေါင်လန်ဖူးမြို့ထဲမှာ တိုက်ပွဲဖြစ်တော့ အဲဒီမှာ သုံ့ပန်းတွေ ဖမ်းမိတာ။”
ဒါ့အပြင် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ အင်အား ၃၀ ခန့်ရှိ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစိပ် ဒီဇင်ဘာလဆန်းပိုင်းက သေဆုံးနေခဲ့ပြီး သေဆုံးတဲ့ အကြောင်းအရင်း အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီ ပူးပေါင်းတပ်က မလိခမြစ်ကြောင်းအတိုင်း စစ်ရေးလှုပ်ရှားလာတာကြောင့် တန်ဂျာကျေးရွာအနီးမှာ KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ တောက်လျှောက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကချင် ရှေ့တန်းသတင်းရင်းမြစ်တယောက်က “ပူတာအိုမြို့နယ်မှာတော့ စကစနဲ့ ပြည်သူ့စစ်တွေ စစ်ရေးလှုပ်ရှားတာတော့ ပုံမှန်ရှိနေတယ်။ ဒီဇင်ဘာလဆန်းလောက်ကတည်းကနေ တန်ဂျားဘက်ကို ပူတာအိုကနေ ကားနဲ့ အသွားအလာ တက်လိုက်ဆင်းလိုက် လုပ်တာတွေ၊ ခြေလျင်နဲ့ စစ်ရေး လှုပ်ရှားတာတွေ၊ စစ်ကြောင်းထိုးတဲ့ပုံစံမျိုး စစ်ရေးလှုပ်ရှားတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ တန်ဂျာဘက်မှာ တိုက်ပွဲဖြစ်တာတွေလည်း ရှိတယ်။ တိုက်ပွဲက ကြိုးကြားကြိုးကြား ဖြစ်နေတာတွေ ရှိတယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေလည်း ရှိတယ်။ ဒီရက်ပိုင်းဆိုရင် ဒီဇင်ဘာ ၁၇၊ ၁၈၊ ၁၉ အဲဒီရက်တွေမှာတော့ နည်းနည်း တိုက်ပွဲမရှိသလောက် ငြိမ်နေတယ်။ အဲဒီရှေ့ပိုင်းတွေမှာက နှစ်ဖက် တိုက်ပွဲတွေ ရှိတယ်။ သူတို့ဘက်က စစ်ရေးလှုပ်ရှားတာတွေ ရှိတယ်”လို့ ပြောပါတယ်။
ပူတာအိုဝန်းကျင်မှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က ပူတာအိုမြို့ပေါ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ အရိုန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က အောက်တိုဘာ ၂၃ ရက်က Y12 လေယာဉ်နဲ့ ပူတာအိုမြို့ကို လက်နက်နဲ့ စစ်အင်အားအချို့ လာရောက်ပို့ဆောင်ခဲ့ပြီးနောက် ပူတာအိုခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။
တန်ဂျာကျေးရွာကတော့ ပူတာအိုမြို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့အကြားမှာ တည်ရှိတာပါ။
စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ အရှေ့ဘက် မချမ်းဘော့၊ ထန်ဂါးဘက်နဲ့ မြို့ရဲ့ တောင်ဘက် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပီယန်၊ တန်ဂျာဘက်ကို စစ်ရေးလုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေတယ်လို သိရပါတယ်။
ဟန်န


