Home
နိုင်ငံတကာ
ထိုင်းတွင် ကမ္ဘောဒီးယားလုပ်သားများကို နေထိုင်ခွင့်သက်တမ်း တိုးမပေးတော့ 
DVB
·
December 22, 2025

ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခ ဖြစ်ပြီးတဲ့နောက်ပိုင်း ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်သက်တမ်း တိုးပေးတော့မှာ မဟုတ်ဘူးလို့ ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က ဒီဇင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခု ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်မဲ့ ရွှေ့ပြောင်းအလုပ်သမားကတ်တွေကို ၂၀၂၇ ဖေဖော်ဝါရီ ၁၃ အထိနဲ့ ၂၀၂၆ မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မဲ့ အလုပ်သမားကတ်တွေကို ၂၀၂၇ မတ် ၃၁ ရက်အထိ တနှစ်သက်တမ်းတိုးပေးမှာဖြစ်တယ်။

ဒါပေမဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမားတွေအတွက်သာ ဖြစ်ပြီး ကမ္ဘောဒီးယား အလုပ်သမားတွေတော့ မပါဝင်ဘူးလို့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ရဲ့ ဒီဇင်ဘာ ၂ ရက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းမှာ ၂၀၂၅ ခု ဖေဖော်ဝါရီလတုန်းက သက်တမ်းတိုးထားတဲ့ ကမ္ဘောဒီးယား အလုပ်သမား တသိန်းလောက်ရှိတယ်၊ သူတို့တွေကို မည်သူမည်ဝါဖြစ်ကြောင်းနဲ့ နေရပ်လိပ်စာ အတည်တကျ အကုန်မစစ်ဆေးနိုင်သေးဘူး၊ ဒီကြားထဲမှာ အမျိုးသားလုံခြုံရေးပြဿနာ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ကာကွယ်တဲ့အနေနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို နေထိုင်ခွင့်သက်တမ်း တိုးခြင်း ဆိုင်းငံ့ထားဖို့ လိုအပ်တယ်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုထင်း ချန်း ဝီရကွန်းက ထုတ်ပြန် ပြောဆိုပါတယ်။

ကမ္ဘောဒီးယားလုပ်သားတွေဟာ လာမဲ့လပိုင်းအတွင်း နေထိုင်ခွင့်သက်တမ်းတိုးလို့ မရတော့ တရား မဝင်အလုပ်သမားဘဝ ပြန်ရောက်သွားရမယ့် အပြင် လက်ရှိ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၂ မှ ၂၆ ရက်အထိ အထောက်အထားမဲ့ လုပ်သားတွေကို မှတ်ပုံတင်ခွင့်ပြုနေတဲ့ထဲမှာလည်း ပါဝင် လျှောက်ထားခွင့် မရှိတော့ပါဘူး။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဖြစ်တော့ ကမ္ဘောဒီးယားနိုင်ငံအစိုးရက ထိုင်းရောက် သူ့နိုင်ငံသားတွေ အကုန်ပြန်လာဖို့ ပြောထားတယ်၊ အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ စီစဉ်ထားတယ်၊ လစာတိုးပေးမဲ့အပြင် ကျန်းမာရေးစောင့်ရှောက်ခွင့် စတဲ့ ဝန်ဆောင်မှုတွေပါ ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ ကမ္ဘောဒီးယားအမြောက်အမြား နေရပ် ပြန်ကြပေမဲ့ မကြာခင်မှာပဲ အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက် လုပ်ကိုင်ဖို့ ကြိုးစားလာကြတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြန်ဝင်လာတဲ့ အလုပ်သမားတွေ ပြောပြချက်အ‌ရ နေရပ်ပြန်တော့ အစိုးရကြေညာထားသလို မဟုတ်ဘဲ အလုပ်အကိုင်ရှားပါးတယ်၊ လုပ်အားခက ထိုင်းထက် ၃ ဆ လျော့နည်းတဲ့အပြင် ဝန်ဆောင်မှုမရှိဘူး၊ မိသားစုကို လောက်ငအောင် ရှာဖွေကျွေးမွေးလို့ မရတာကြောင့် ပြန်လာကြတယ်လို့ ဆိုပါတယ်။

ထိုင်းကို တရားမဝင် ပြန်ဝင်တော့ အဖမ်းခံရပြန်တယ်၊ ဒီဇင်ဘာ ၁၉ ရက်ညက ဆာက ယောက်ခရိုင်ထဲမှာ တရားမဝင် ပြန်ဝင်လာတဲ့ ကမ္ဘောဒီးယား ၇၆ ယောက် ဖမ်းဆီးခံရတဲ့ထဲက ၆၆ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၀ မှာ ကမ္ဘောဒီးယား အာဏာပိုင်လက်ထဲ ပြန်အပ်လိုက်ပြီး ကျန် ၁၀ ယောက်ကိုတော့ အလုပ်သမားပုံစံ မပေါက်တာကြောင့် သူလျှိုသံသယနဲ့ ထိုင်းစစ်တပ်ထဲမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်ရှေ့က ချွန်းပူးရီးခရိုင်ရှိ ကမ္ဘောဒီးယားလူငယ်တစု တုတ်၊ ဓားတွေ ကိုင်ပြီး ရန်သူကို စိမ်ခေါ်ပုံ၊ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲနေပုံတွေ ဗွီဒီယိုရိုက်ပြီး ဖြန့်ဝေခဲ့တယ်၊ ရဲတွေက စုံစမ်း ထောက်လှမ်းပြီး ကမ္ဘောဒီးယားလူငယ်တချို့ကို ဖမ်းဆီးအရေးယူကာ ဗီဇာရုပ်သိမ်းပြီး ပြည်နှင်ဒဏ် ပေးမယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်း တရားမဝင် အလုပ်သမား စစ်ဆေးဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်၊ အထူးသဖြင့် ချွန်းပူးရီးခရိုင် စက်ရုံအလုပ်ရုံတွေမှာ ဝင်ရောက်စစ်ဆေးတာမှာ ဒီဇင်ဘာ ၂၀ ရက်က ဆီရိရားချား၊ ဘန်လမွန်းနဲ့ ပတ္တယား စတဲ့မြို့နယ်က အလုပ်သမားပေါင်း ၇၀၀ ကျော် စစ်ဆေးခံခဲ့ရတယ်၊ အဲဒီထဲက ဥပဒေနဲ့မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား ၂၅၀ ကျော် ဖမ်းဆီး အရေးယူခံရပြီး မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေက အများစု ပါဝင်ပါတယ်။

ထိုင်းအလုပ်ရှင်တွေအနေနဲ့  ကမ္ဘောဒီးယား အလုပ်သမားတွေကို မခန့်ထားဖို့၊ တရားမဝင် ကမ္ဘောဒီးယား လုပ်သားတွေကို ခန့်ထားရင် ထိရောက်စွာ အရေးယူဖို့၊ ကမ္ဘောဒီးယား အလုပ်သမားတွေ တွေ့ရင် သက်ဆိုင်ရာကို တိုင်ကြားဖို့ ထိုင်းမျိုးချစ်ဝါဒီတွေကလည်း လူမှုကွန်ရက်မှာ လှုံ့ဆော်နေပါတယ်။

ဒါကြောင့် ကမ္ဘောဒီးယား အလုပ်သမားတွေဟာ လပိုင်းသာကျန်တော့တဲ့ နေထိုင်ခွင့်လက်မှတ် သက်တမ်းကုန်ပြီးရင် သက်ဆိုင်ရာက ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှာကိုလည်း စိုးရိမ်ကြောင့်ကြနေကြတယ်လို့ ဖူးကက်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ နယ်စပ်ပဋိပက္ခမဖြစ်ခင်က ကမ္ဘောဒီးယားလုပ်သားတွေ တရားဝင်ရော၊ တရားမဝင် အနေနဲ့ပါ စုစုပေါင်း ၁ သန်းလောက် ရှိမယ်လို့ ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။

ထိုင်းအလုပ်သမားသမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရတော့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမား မှတ်ပုံတင်နဲ့ နေထိုင်သူ ၅၂၀,၀၀၀ ကျော်ရှိပြီး အရေးအခင်းဖြစ်တော့ ၁၀၀,၀၀၀ ကျော် နေရပ်ပြန်သွားတယ်၊ ၂၀၂၅ အောက်တိုဘာလကုန်ထိ ကမ္ဘောဒီးယားလုပ်သားဦးရေ ၄၀၀,၀၀၀ ခန့် ကျန်ရှိကြောင်း TNN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ ဝင်ရောက်လာတဲ့ ကမ္ဘောဒီးယားလုပ်သားတွေလည်း ရှိပြီး သူတို့ကတော့ တကြိမ်ကို ၂ နှစ် အလုပ်လုပ်ပိုင်ခွင့်ရှိတယ်၊ ပုံမှန်ဆိုရင် ၂ နှစ်ပြီးရင် နောက်ထပ် ၂ နှစ် သက်တမ်းတိုးလို့ရရမှာ ဖြစ်ပေမဲ့ ခုလိုအခြေအနေမျိုးမှာ နောက်ထပ် သက်တမ်းတိုးခွင့်ရဖို့ မသေချာကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Thairath / TNN News / CH7HD News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013