Home
မြန်မာသတင်း
ထိုင်းတွင် CDM ဝန်ထမ်းများကို CI စာအုပ်သက်တမ်း တိုးမပေးသဖြင့် အခက်ကြုံနေ
DVB
·
December 19, 2025

ထိုင်းမှာ ၂ နှစ်တကြိမ် စီအိုင်စာအုပ် သက်တမ်း တိုးတဲ့အခါ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို အမည်ပျက်စာရင်းသွင်းကာ စာအုပ်သက်တမ်းတိုး မပေးဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ CI စာအုပ်လို့ခေါ်တဲ့ Certificate of Identity (ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်) သက်တမ်းတိုးတဲ့အခါ စီအိုင်စခန်းတွေက စစ်တပ်အာဏာသိမ်း ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အမည်ပျက်စာရင်း Blacklist မှာ ပါဝင်သူတွေကို စာအုပ်သက်တမ်းတိုး မပေးဘူးလို့ ကိုယ်တိုင် ကြုံရသူတွေဆီက သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေဟာ ထိုင်းမှာ ပန်းရောင်ကတ်နဲ့ စီအိုင်အထောက်အထား ပြုလုပ်ပြီး နေထိုင်ကြပါတယ်။ 

စီအိုင်စာအုပ်က ၂ နှစ်တကြိမ် သက်တမ်းတိုးရတာဖြစ်ပြီး၊ ဒီနှစ်မှာတော့ CDM ပြုလုပ်ထားတဲ့ Blacklist စာရင်းဝင်သူတွေကို စီအိုင် စခန်းတွေက သက်တမ်းထပ်မတိုးပေးတာ ဖြစ်ပါတယ်။

ထိုင်းရောက် CDM ဝန်ထမ်းတယောက်က “အဓိကတော့ စစ်တပ်က သူတို့ ထိန်းချုပ်လို့ရတဲ့နေရာထိ လိုက်ပြီး ထိန်းချုပ်တဲ့သဘောလို့ မြင်တယ်။ CDM အများစုက ပြည်တွင်းမှာလည်း ရှိတယ်။ အနီးစပ်ဆုံး ထိုင်းမှာလည်း များတယ်ဆိုတာ သူတို့ သိတယ်။ သိတော့ သူတို့ ဘယ်နေရာကနေ အခက်တွေ့တောင် လုပ်လို့ရမလဲဆိုတာ အစီအစဉ် သူတို့မှာ ရှိတဲ့ သဘောပေါ့။ အဲ့တော့ စီအိုင်ရုံးတွေမှာကအစ CDM စာရင်းတွေ ပေးကောင်း ပေးထားနိုင်တယ်။ တချို့ဆိုရင် ပွဲစားကို ပိုက်ဆံပေးပြီး CDM စာရင်းတွေ၊ Blacklist စစ်လို့ရတယ် ကြားတယ်။ အဲ့လို သူတို့ကို ပုန်ကန်ထားတဲ့သူတွေကို ဘယ်နေရာရောက်ရောက် လိုက်ပြီး ဒုက္ခရောက်အောင်လုပ်လို့ ရတယ်ဆိုတဲ့ သဘော ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ မြင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ထိုင်းမှာ CI စာအုပ် ကိုင်ဆောင်တဲ့ အလုပ်သမားတွေကို စီအိုင်ကနေ PJ ပတ်စ်ပို့ ပြောင်းလဲတဲ့အခါ ပတ်စ်ပို့စာအုပ်မှာ Passport For Thailand only (ထိုင်းနိုင်ငံအတွက်သာ) အသုံးပြုဖို့ဆိုတဲ့ တံဆိပ်တုံး ထုပေးတာကြောင့် စီအိုင်သမားတွေ ပတ်စ်ပို့ ကိုင်ဆောင်တဲ့အခါမှာလည်း ထိုင်းနိုင်ငံတွင်းသာ သွားလာလို့ ရမယ့် သဘော ရှိနေပါတယ်။

အာဏာသိမ်း စစ်တပ်က ထိုင်းရောက် မြန်မာလုပ်သားတွေဆီကနေ စီအိုင် စာအုပ်သက်တမ်း တိုးတဲ့အခါ အလုပ်သမားတွေရဲ့ လုပ်အားခကနေ အခွန် ၂ ရာခိုင်နှုန်း ကောက်ယူနေပါတယ်။ 

CDM ဝန်ထမ်းတွေကို စာအုပ်သက်တမ်း တိုးမပေးဘူးဆိုတဲ့ လုပ်ရပ်ကလည်း CDM သမားတွေကို အခက်တွေ့အောင် လုပ်တာလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုး “စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတဲ့ နာမည်စာရင်း ရှိတဲ့သူတွေအကုန်လုံးကို Blacklist သွင်းထားတယ်ဆိုတော့ သူတို့ကို စီအိုင်သက်တမ်း မဆက်ပေးတော့ဘူးပေါ့။ သူတို့ကို နောက်ထပ် ၂ နှစ် သက်တမ်းဆက်ဖို့ အနေအထားကို မြန်မာနိုင်ငံကနေ လာဖွင့်ထားတဲ့ စီအိုင်စခန်း လာဖွင့်ထားသူတွေက Cancel လုပ်လိုက်တာပေါ့။ ဒါကတော့ စစ်အစိုးရက သူ့အလုပ်သူ ပြတ်ပြတ်သားသား လုပ်တာပေါ့။ ကိုယ်တွေဘက် အခြမ်းကလည်း ကိုယ့်အလုပ်ကိုယ် ပြတ်ပြတ်သားသား လုပ်ဖို့ လိုသလို အဲ့လိုမျိုး စီအိုင်သက်တမ်းဆက်လို့ မရလို့ ဘာဖြစ်လို့ ညာဖြစ်လို့ ပြောနေမယ့်အစား သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ဒေသ နယ်မြေတွေမှာ သွားနေမယ်ဆိုရင် ဘာစာရွက်စာတမ်းမှ လုပ်စရာမလိုဘူး။ စီအိုင်စာအုပ် သက်တမ်း ဆက်ရင်လည်း တလကို ဘတ် ၁၅၀ အခွန်ပေးရတယ်။ အရင်ကတော့ ၄ လ တဖြတ်၊ အခုကတော့ ၆ လ တဖြတ်ပေးရတယ်။ ဒါဟာ စစ်အစိုးရအတွက် ကျည်ဆန်ဖိုး ပေးတာပဲ” လို့ ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ အနေနဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့်အထောက်အထား ပန်းရောင်ကတ် ပြုလုပ်ခ လျှော့ချပေးဖို့ အပါအဝင် အချက် ၉ ချက်ကို ထိုင်းရဲ့ ရွှေ့ပြောင်း အလုပ်သမားအရေးအဖွဲ့ (MWG) နဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ဆီ အိပ်ဖွင့်စာ ပေးပို့ တောင်းဆိုခဲ့ပါတယ်။

ဒီနှစ်ထဲမှာ စီအိုင်စာအုပ် အသစ်လဲ၊ သက်တမ်းတိုးတဲ့ အလုပ်သမားက ၂ သိန်းခွဲကနေ ၃ သိန်း ဝန်းကျင်လောက် ရှိနိုင်ပြီး၊ စာအုပ်အသစ် လျှောက်ထားမယ့် အလုပ်သမားအရေအတွက်က သိန်းချီ ရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပြောဆိုပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013