
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ ဌာနပိုင် ယွမ်ငွေ ဘတ်သန်းပေါင်း ၆၀ ကျော် (ထိုင်းဘတ်ငွေ ဘတ်သန်းပေါင်း ၂၆၀ သန်း) ဆုံးရှုံးစေခဲ့တဲ့ တရုတ်ဝရမ်းပြေး တယောက်ကို ထိုင်းတာဝန်ရှိသူတွေ ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၉ နှစ်ရွယ် Mr.Song ဆိုသူ တရုတ်အမျိုးသားတယောက်ဟာ ယူနန်ပြည်နယ် ကျောင်ထုံး နဲ့ ကျင့်ဇုံမြို့နယ်ရှိ ဆေးရုံတွေမှာ ဆေးရုံအုပ်ကို လာဘ်ထိုးပြီး အာနိသင်စံချိန်မမီတဲ့ ဆေးဝါးတွေကို ဈေးကြီးပေးပြီး တင်သွင်းခဲ့တဲ့အပြင် ဆေးရုံအဆောက်အအုံ တည်ဆောက်ရေးမှာ လေလံအောင်မြင်ဖို့ သက်ဆိုင်ရာကို လာဘ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စမှာ တိုင်းပြည်ရန်ပုံငွေ ယွမ်ငွေ သန်းပေါင်း ၆၀ ကျော် နစ်နာဆုံးရှုံးတာကြောင့် တရုတ် အာဏာပိုင်တွေက ရာဇဿတ်ကြီးပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ထိုင်းမှာ ပုန်းရှောင်နေကြောင်း သတင်းရတာကြောင့် ကူညီစုံစမ်းဖမ်းဆီးပေးဖို့ ယူနန်ပြည်နယ် မဲခေါင်နဲ့ လန်ချန်းမြစ်ဝှမ်းဒေသ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က ထိုင်းနိုင်ငံကို ဆက်သွယ်အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ဗဟိုရဲတပ်ဖွဲ့ မှုခင်း စုံစမ်းစစ်ဆေးရေးဌာနမှာ အချိန်ယူစုံစမ်းစစ်ဆေးပြီး Mr.Song ရဲ့ ထိုင်းဗီဇာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရုပ်သိမ်းလိုက်ပြီးနောက် ဗဟိုရဲတပ်ဖွဲ့ CIB မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လဝက နဲ့ နယ်မြေခံရဲတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ တရားရုံး ဖမ်းဝရမ်းစာနဲ့အတူ တရားခံ ပုန်းခိုနေထိုင်ရာ ဘန်ကောက် ဘန်းကပီနယ်မြေ ဟိုမာခ်မြို့နယ် ဘန်ကောက်ဂရိတ်ထား ၇ လမ်းရှိ နေအိမ်တအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Mr.Song မှာ ငြင်းဆို ရုန်းကန်တာမရှိဘဲ အသာတကြည် အဖမ်းခံခဲ့တယ်။ ထိုင်းအာဏာပိုင်တွေက သူ့ကို ပြည်နှင်ဒဏ်ပေးပြီး တရုတ်အာဏာပိုင်တွေလက်ထဲ ပြန်အပ်နှံပေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source - POLICETV / Bright TV News


