
ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရခဲ့ဘဲ ထိုင်းစစ်တပ်ဟာ အငြင်းပွားနေတဲ့ နယ်စပ်မှာ ဆက်တိုက်ပွဲဝင်နေမယ်လို့ ယာယီထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ဒီဇင်ဘာ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်တရပ်အတွက် ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့ ပြောပြီး နာရီပိုင်းအကြာမှာ ထိုင်းတိုက် လေယာဉ်တွေကပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခုလိုမှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။
ထိုင်းနိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေကိုကာကွယ်ဖို့ ဆက်လုပ်ရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
အောက်တိုဘာလက နယ်စပ်အငြင်းပွားမှုမှာ အပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ထရမ့်ပ်က ဒီဇင်ဘာ ၁၂ ရက်မှာ အာနုတင့်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ စကားပြောဆိုခဲ့ပြီး ပစ်ခတ်မှုအားလုံးရပ်ဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ နှစ်ဦးစလုံးက ထရမ့်ပ်နဲ့ ဖုန်းပြောအပြီး ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ ဘယ်လိုသဘောတူညီချက်ကိုမျှ မဖော်ပြခဲ့ကြဘဲ အစောပိုင်းကလည်း အာနုတင်က အပစ်အခတ် ရပ်စဲရေး သဘောတူထားတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တကျော့ပြန်ပဋိပက္ခတွေကြောင့် ထိုင်းစစ်သား ၁၅ ယောက် သေဆုံးပြီး အယောက် ၂၇၀ ဒဏ်ရာရခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့်ကွန်စီရီက ဒီဇင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းအရပ်သားသေဆုံးမှုကလည်း ၇ ယောက်အထိရှိလာပြီး ထိုင်းနိုင်ငံဘက်မှာ လူပေါင်း ၂၆၃,၁၀၅ ယောက်နေတဲ့ ယာယီခိုလှုံရာနေရာ ၉၇၀ ဖွင့်လှစ်ထားတယ်လို့လည်း ပြောပါတယ်။
ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနကတော့ နောက်ထပ် အကြောင်းကြားချက် မထုတ်ပြန်မချင်း ထိုင်းနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်မှုအားလုံးကို ရပ်ဆိုင်းထားမယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။
ထိုင်းဘက်က ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ လူနေရပ်ကွက်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီးနောက် အခုလို လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်ပြီး အလုပ် လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြဖို့ အကြံပြု ထားပါတယ်။
အလားတူပဲ ကမ္ဘောဒီးယားမှာ လက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး မပြုလုပ်မချင်း ကမ္ဘောဒီးယားမှာ ပုံမှန်အတိုင်း ဆက်လက်နေထိုင်ကြဖို့ အကြံပြုထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခဟာ ဒီဇင်ဘာ ၇ ရက်က တကျော့ပြန် စတင်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
Source: Reuters


