Home
နိုင်ငံတကာ
ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ၌ နှစ်ဘက်သေဆုံးသူ ၁၀၀ ကျော်ရှိလာ (ဓာတ်ပုံ) 
DVB
·
December 12, 2025

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ ဒီဇင်ဘာ ၇ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်ထိ ၅ ရက်တာ တိုက်ပွဲအတွင်း ထိုင်းစစ်တပ်ဘက်က စစ်သည် ၉ ယောက် သေဆုံးပြီး ၁၂၀ ဒဏ်ရာရခဲ့ကာ ဒေသခံပြည်သူ ၄ ယောက် သေဆုံးခဲ့သလို ကမ္ဘောဒီးယားဘက်ကလည်း စစ်သည် ၁၂၅  ယောက် သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်က ဆီစကစ်ခရိုင်၊ ကန်ထရာလတ်မြို့နယ် ဖူးဖာလိတ်နဲ့ ဖလန်းဟင်ပက်ကောင့် တောင်ကြောမှာ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ဒုံးကျည်နဲ့ စတင်ပစ်ခတ်ပြီး ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရခဲ့တာကစ ဒီကနေ့ထိ ဆီစကစ်၊ ဆူရင်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဘူရီရမ် စတဲ့ ခရိုင် ၄ ခုတွင်း နေရာပေါင်း ၁၃ နေရာထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခဲ့တယ်လို့  ထိုင်းစစ်တပ် အမှတ် ၂ တိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ထိုင်းစစ်တပ်ဘက်က ဥဘွန်းရာ့ချ်ဌာနီခရိုင်ရှိ ချောင့်အန်မတောင်ကြားက တချို့နေရာကို သိမ်းပိုက်ခဲ့တယ်၊ ဆမ့်တဲဒေသက ကမ္ဘောဒီးယားစစ်တပ် ခြေကုပ်စခန်းကို ဖျက်ဆီးခဲ့တယ်၊ စူရင်းခရိုင်ထဲက ချောင်းရယိ၊ ခနားနဲ့ တာခွိုင်းဒေသ ခြေကုပ်စခန်း ၃ နေရာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်၊ ကမ္ဘောဒီးယားတပ်ဘက်ကလည်း အဲဒီနေရာတွေ ပြန်စိုးမိုးဖို့ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

၅ ရက်တာ တိုက်ပွဲအတွင်း ခရိုင် ၄ ခုက ၃၁ မြို့နယ်ရှိ ပြည်သူပေါင်း ၂၂၂,၅၄၈ ယောက် စစ်ရှောင်စခန်းပေါင်း ၇၅၁ နေရာမှာ ခိုလှုံနေရပြီး တခြားဒေသကို တိမ်း‌ရှောင်သူ ၂၂,၉၉၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်ဘက်က ကမ္ဘောဒီးယားစစ်တပ်ရဲ့ T55 တင့်ကား ၆ စီး၊ BM21 ဒုံးကျည်လက်နက်ကြီးတင်ကား တစီး၊ ဒရုန်း ၆၄ စင်း၊ ဒရုန်းဖျက်လက်နက် တခု သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက မလေးရှားနဲ့ အမေရိကန်တို့ရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်ခဲ့ပါတယ်။

မကြာသေးခင်က နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတယောက် ခြေထောက်ပြတ်သွားခဲ့အပြီး ထိုင်းဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ပ်က နှစ်ဘက်အပစ်ရပ်ဖို့ တောင်းဆိုနေပေမဲ့လည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြား စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

Source: PPTV HD36 / 3Plus News

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013