Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမဲ့ လုပ်သားများအတွက် ပန်းရောင်ကတ်လုပ်ငန်းစဉ် စတင်
DVB
·
December 12, 2025

ထိုင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် ဘတ် အထောက်အထားသစ်လုပ်ဖို့ ခွင့်ပြုလိုက်ပြီး အလုပ်သမားတွေ ဖမ်းဆီးမခံရအောင် ပြုလုပ်ကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက တိုက်တွန်းပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအို ၃ နိုင်ငံက အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် (ဘတ်) အထောက်အထားသစ် လုပ်ဖို့ နာမည်စာရင်းတင်သွင်းတဲ့ လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အတွင်း စတင်ပြုလုပ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုလုပ်လိုက်တာပါ။

အဲဒီကာလအတွင်း ထိုင်းလုပ်ငန်းရှင် သူဌေးကတဆင့် နာမည်စာရင်းသွင်းတာ၊ ပြီးနောက် ကျန်းမာရေးစစ်ဆေးတာ၊ အလုပ်သမားရဲ့ ဘိုင်အိုဒေတာ အချက်အလက် တင်သွင်းတာ၊ ပန်းရောင်ကတ် ပြုလုပ်တာနဲ့ အလုပ်သမား Work permit၊ ဗီဇာတုံးထုတာ စတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရက်ပေါင်း ၆၀ အတွင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပတ်စ်ပို့ အကျိုးဆောင်တယောက်က “ဘာတွေ ပြင်ဆင်ထားသင့်လဲဆိုတော့ ပထမအချက်က Name list က ၁၄ ရက်ပဲ အချိန်ရတော့ ၁၄ ရက်အတွင်းမှာ သူဌေးရှာ၊ တကယ်လို့ သူဌေး မရှိသေးရင် အငှားသူဌေးနဲ့ပဲ အရင်ဆုံး လုပ်ထားပြီး နောက်မှ သူဌေးပြောင်းကြပေါ့။ လက်ရှိမှာ အငှားသူဌေးနဲ့ပဲ လုပ်ထားပြီး နာမည်စာရင်းတင်၊ နာမည်စာရင်း ကျလာပြီးရင် ဆေးသွားစစ်၊ ပုဂ္ဂလိကဆေးရုံ သို့မဟုတ် အစိုးရဆေးရုံမှာ ဆေးသွားစစ်ပြီး ဆေးအောင်လက်မှတ် ရလာပြီဆိုရင် Work permit တွေ လျှောက်ကြပေါ့။ Work permit ကျလာပြီဆိုရင် Immigration မှာ လက်ဗွေကိစ္စ၊ မျက်လုံးဒေတာ ကိစ္စလုပ်ပြီး၊ အဲဒီလုပ်ပြီးရင် ပန်းရောင်ကတ် ရိုက်ရမှာပေါ့။ ပန်းရောင်ကတ်ရိုက်ပြီးရင် မြန်မာပြည်က လာတဲ့သူဆိုရင် ကိုယ့် ပတ်စ်ပို့စာအုပ် ပါလာရင် ပတ်စ်ပို့မှာ ဗီဇာ ရိုက်ရမှာပေါ့။ တကယ်လို့ Name list မတင်ရသေးဘူးဆိုရင် ဒီကြားထဲမှာတော့ နှစ်သစ်ကူးကာလဆိုတော့ အဖမ်းအဆီးတော့ များမှာပဲ။ အဲ့ချိန်မှာတော့ အသွားအလာ သတိပြုပြီး ဆင်ခြင်နေသင့်တယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ပန်းရောင်ကတ်ပြုလုပ်ဖို့ ကုန်ကျစရိတ်က အနိမ့်ဆုံး ဘတ် ၅,၀၀၀ ကနေ ဘတ် ၆,၀၀၀၊ ၈,၀၀၀ အထိ ရှိပြီး တချို့နေရာတွေမှာ ဘတ် ၁၅,၀၀၀ လောက်အထိ တောင်းခံတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပန်းရောင်ကတ်သစ်အတွက် Work permit နဲ့ ဗီဇာရပြီးရင်တော့ အလုပ်သမားတွေဟာ တနှစ် နေထိုင် အလုပ်လုပ်ခွင့်ရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပန်းရောင်ကတ်အသစ်ရိုက်မယ့် လုပ်ငန်းစဉ်ကို စတင်မယ်လို့ ကြေညာခဲ့ပေမဲ့ နယ်စပ်လုံခြုံရေးအခြေအနေတွေကြောင့် အောက်တိုဘာ ၁၆ ရက်မှာ ရက်ဆိုင်းခဲ့ပြီး နှစ်လအကြာ ဒီဇင်ဘာလမှာ ပြန်လည်ခွင့်ပြုလိုက်တာပါ။

အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ငွေညှစ်မခံရအောင် ဘတ်ဖွင့်ပေးချိန်မှာ ပြုလုပ်ထားကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက တိုက်တွန်းသတိပေးပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ခန့်မှန်းခြေ ၄ သိန်းကနေ ၅ သိန်းလောက်တော့ ၃ နိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေ အထောက်အထားလုပ်မယ်လို့ ယုံကြည် မျှော်လင့်မိတယ်။ လုပ်ထားကြပါလို့လည်း နှိုးဆော်တိုက်တွန်းတယ်။ ဘာဆို ဘာမှ မရှိဘူးဆိုရင် ရဲအစစ်ကဖြစ်စေ၊ ရဲအတုယောင်ကဖြစ်စေ ကိုယ့်ကို ငွေညှစ် တောင်းခံနိုင်တယ်။ နှိပ်စက်ကလူ ပြုမူနိုင်တယ်။  နောက် ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွေမှာ ဘတ် ၁၀၀ နဲ့ ကုသခွင့်ရမဲ့ အခွင့်အရေး လက်လွှတ်ဆုံးရှုံးနိုင်တယ်။ နောက်တခုက ထိုင်းအစိုးရက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ထိုင်းဥပဒေပါ အလုပ်သမား ကာကွယ်စောင့်ရှောက်မှုတွေကို ကိုယ်နဲ့ ကင်းလွတ်နိုင်တယ်။ အဲဒါတွေ မဖြစ်ရအောင် အခုကတည်းက စာရွက်စာတမ်း အထောက်အထားသစ်တွေ လုပ်ဖြစ်အောင် လုပ်ပါ။ မရှိ ရှိတာကို ရှာကြံပြီးတော့ စားတာကို ချွေတာပြီးတော့ စာရွက်စာတမ်း အထောက်အထားတွေ လုပ်ဖြစ်အောင် လုပ်ပါလို့ ပန်ကြားချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်နဲ့ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ၁၀ နှစ်ခံကတ်၊ နယ်စပ်ဖြတ်ကျော်ကတ်၊ ပန်းရောင်ကတ် စတဲ့ အထောက်အထား ပုံစံအမျိုးမျိုးနဲ့  အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းချီ ရှိပါတယ်။

နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာအလုပ်သမား အရေအတွက် အများဆုံးဖြစ်ပြီး ၇ သန်းဝန်းကျင် ရှိနေပြီလို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့  စာရင်းတွေအရ သိရပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013