
ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံအကြား တိုက်ပွဲတွေ တတိယမြောက်နေ့အဖြစ် ဆက်ဖြစ်နေပြီး နယ်စပ်ဖြတ်ကျော် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅ သိန်းကျော် သူတို့အိမ်တွေကနေ ထွက်ပြေးပြီး ခိုလှုံရာရှာခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပဋိပက္ခတွေ ပြန်စနေတယ်လို့လည်း အရှေ့တောင်အာရှ အိမ်နီးချင်း ၂ နိုင်ငံက အရာရှိတွေက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
အခုသီတင်းပတ်အတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်သားနဲ့ အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံးပြီး နယ်စပ်နှစ်ဖက်စလုံးက စစ်ဘေးရှောင် လူ ၅ သိန်းကျော် ဘေးကင်းရာ ရွှေ့ခဲ့ရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တိုက်ပွဲတွေ ပြန်စတဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကမ္ဘောဒီးယားနယ်စပ်မြို့ ဆမ်မရုံမြို့ပေါ်မှာ အမြောက်ပစ်ခတ်သံတွေ အပြင်းအထန် ကြားခဲ့ရပါတယ်။
ထိုင်းနယ်စပ်ကနေ ၂၅ ကီလိုမီတာ အကွာမှာရှိတဲ့ ဆမ်မရုံမြို့မှာ ဆိုင်ခန်းတွေကို ပိတ်ထားပြီး လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၉ ရက်မှာလုပ်တဲ့ အင်တာဗျူးတခုမှာ နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဖို့ အလားအလာမရှိဘူးလို့ ပြောခဲ့ပြီး အခြေအနေက တတိယပါတီက ကြားဝင်စေ့စပ်ဖို့ အထောက်အကူ မပြုဘူးလို့ ထပ်ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ထိပ်တန်းအကြံပေးတယောက်ကတော့ သူ့နိုင်ငံဟာ ဘယ်အချိန်မှာမဆို ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်ပွဲတွေ ရပ်ဖို့နဲ့ ဇူလိုင်လတုန်းက ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ပြန်ကယ်ဖို့ ဖုန်းခေါ်မယ်လို့ အင်္ဂါနေ့ညနေပိုင်းမှာ ပြောခဲ့ပါတယ်။


