
ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခကို ရပ်တန့်ဖို့ ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံဆွေးနွေးပွဲတွေကို ချက်ချင်းကျင်းပဖို့ လမ်းဖွင့်ထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ထိပ်တန်းအကြံပေး တယောက်က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့လည်း အိမ်နီးချင်းနိုင်ငံတွေက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေဟာ အရင်တိုက်ပွဲတွေ အဆုံးသတ်ရေး သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးက ဇူလိုင်လတုန်းက ပျက်ပြားပြီးနောက် ၅၀၈ မိုင်ရှည်တဲ့ နယ်စပ်တလျှောက် စစ်ဖြစ်တဲ့ ဒုတိယနေ့မှာ လက်နက်ကြီးတွေကို တပ်ချခဲ့ကြပါတယ်။
အပြန်အလှန် ပစ်ခတ်ရာမှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးပြီး နယ်စပ်နှစ်ဖက်စလုံးမှာ ထောင်ပေါင်းများစွာသော လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ အစိုးရနှစ်ရပ်စလုံးက အခုအချိန်အထိ နောက်ဆုတ်ပြီး ဆွေးနွေးပွဲတွေစဖို့ မလိုလားကြဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အခုအချိန်ကစပြီး တနာရီအကြာမှာ နှစ်ဖက်စလုံး စားပွဲဝိုင်းမှာ ရှိနေဖို့နဲ့ ဆက်သွယ်ရေးတွေစဖို့ သဘောတူခဲ့ကြတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ အကြီးတန်းအကြံပေး ဆူးယာရာက ဖနွမ်းပင်မြို့တော်မှာ လုပ်တဲ့ ဗီဒီယိုအင်တာဗျူးတခုအတွင်း ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အင်္ဂါနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယား နိုင်ငံဟာ ရိုးသားမှုကို ပြသပြီး တင်းမာမှုလျှော့ချဖို့ အရင်လုပ်ရမယ်လို့ ပြောခဲ့ပြီး တတိယပါတီက ကြားဝင်စေ့စပ်မှုကို ပယ်ချခဲ့ပါတယ်။
ထရမ့်ပ်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ဟာ ဇူလိုင်လမှာ လူ ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ပါဝင်ဆွေးနွေးခဲ့ပြီး အောက်တိုဘာလမှာ သက်တမ်းတိုး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရာမှာလည်း နှစ်ယောက်စလုံး တက်ခဲ့ကြပါတယ်။
မြေမြှုပ်မိုင်းအသစ်တွေ ချထားတာ အပါအဝင် သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းစစ်သားတယောက် ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုအပြီးမှာ ထိုင်းအစိုးရက စာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားက အောက်တိုဘာလ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာတယ်လို့ အခိုင်အမာပြောပြီး စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
တိုက်ပွဲတွေဆက်ဖြစ်နေချိန်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက အင်္ဂါနေ့မှာ ဆွေးနွေးမှုကို ပယ်ချခဲ့ပြီး စစ်တပ်က စစ်ဆင်ရေးတွေလုပ်ဖို့ အစိုးရရဲ့ ထောက်ခံမှုကို အပြည့်အဝ ရထားတယ်လို့ ပြောပါတယ်။
Source: Reuters


