
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်မြို့ မြို့သိမ်းတိုက်ပွဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တနှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ပတ်ဝန်းကျင်တကျော စစ်ကြောင်းထိုး ထိုးစစ်ဆင် လှုပ်ရှားလာတာကြောင့် တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ ကချင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“စကစတွေက နိုဝင်ဘာ ၃၀ ရက်ကတည်းလောက်ကနေ ထိုးစစ်ဆင်တယ်လို့ ပြောရမယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းကနေ ဗန်းမော်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ။ ဒီဇင်ဘာ ၇ ရက်နေ့အထိ တိုက်ပွဲကတော့ နေ့တိုင်းပဲ ဖြစ်နေတယ်။ မြေပြင်တိုက်ပွဲတွေ ဖြစ်တယ်။ စကစတွေဘက်ကသံချပ်ကာတွေ သုံးတယ်။ အစုံပဲ၊ လက်နက်ကြီးတွေရောပစ်တယ်။ အဲလိုလုပ်ပြီး စစ်ကြောင်းထိုးလာတော့ တိုက်ပွဲက လွန်ခဲ့တဲ့အပတ်တွေက တောက်လျှောက်ဖြစ်နေတယ်။”
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကနေ ၂၀၂၅ ခုနှစ် နှစ်ဝက်ပိုင်း ဇွန်လဝန်းကျင်အထိ ဗန်းမော်မြို့အတွက် အရေးပါတဲ့ မြို့တွင်းနေရာနဲ့ စစ်တပ်နေရာတချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးအသာစီး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဇူလိုင်လကနေ စစ်တပ်က စစ်အင်အားအပြင် စစ်လက်နက်၊ ရိက္ခာတွေတင်တဲ့ စစ်သင်္ဘော အစီး ၂၀ ကျော်ကို မန္တလေးဘက်က သယ်ယူပြီး စစ်အင်အားစုဆောင်းကာ တကျော့ပြန် တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
စစ်ရိက္ခာတွေ သယ်ယူပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ၂၀၂၅ နှစ်စပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမတ ၃၆၆ အမြောက်တပ်ရင်းနဲ့ ခလရ ၂၃၆၊ ရှေ့တန်း ကာကင်းတပ်စခန်းတချို့ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ဗန်းမော်မြို့ လက်မလွှတ်ရေးအတွက် စစ်လေယာဉ်မျိုးစုံနဲ့ လေကြောင်း တိုက်ခိုက်တာတွေ၊ ဒရုန်း၊ လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေသလို တဖက်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲ တနှစ်ပြည့်သွားတဲ့အထိ ဗန်းမော်မြို့တွင်း၊ နန့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ လမ်းကြောင်းတလျှောက်နဲ့ ဗန်းမော်-မိုးမောက်သွားလမ်း၊ ခလရ ၄၇ သွားလမ်းတလျှောက် စတဲ့နေရာတွေမှာ တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ နေ့စဉ် တိုက်ပွဲဆက်ဖြစ်နေဆဲ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“အဓိက ဒီတိုက်ပွဲဖြစ်တာကတော့ ဗန်းမော် မိုးမောက်ဘက်ပေါ့၊ ဗန်းမော်အထွက် မိုးမောက်ဘက်သွားတဲ့ ၅ မိုင် ပတ်ဝန်းကျင်တကျောမှာ စကစတွေ စစ်ကြောင်းထိုးလာတာ ရှိတယ်။ မြေပြင်ခြေလျင်နဲ့ စစ်ကြောင်းထိုးလာလို့ အဲ့ဘက်မှာလည်း တိုက်ပွဲဖြစ်နေတာ ရှိတယ်။ အခုကကျတော့ မံစီဘက်ကိုသွားတဲ့ ၄၇ ပတ်ဝန်းကျင်မှာလည်း အဲ့ဘက်တကျော စကစတွေ မြေပြင်ထိုးစစ်ဆင်နေတာ ရှိတယ်။ ဗန်းမော်ပတ်ဝန်းကျင်လည်း စကစ မြေပြင်ထိုးစစ်ရှိတယ်။ နှစ်ဖက် ပစ်ခတ်မှုကတော့ တက်လိုက် ဆုတ်လိုက်ပဲ၊ အဲလိုဆိုတော့ ဗန်းမော်ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတာရှိတယ်။ လွန်ခဲ့တဲ့အပတ်တွေမှာ တိုက်ပွဲပြင်းထန်တာကတော့ မိုးမောက်ဘက်ခြမ်းရယ်၊ မံစီအထက်ဘက်ခြမ်းရယ်၊ မိုးမောက်အထွက် ၅ မိုင်တွေမှာတော့ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။”
ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထိုးစစ်ရပ်တန့်ဖို့ ဖိအားပေး ပြောဆိုတာတွေ ရှိနေပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရရှိသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ဟန်န


