
ထိုင်းနိုင်ငံ၊ ချွန်ဘူလီဖတ်ထရာခရိုင်မြို့မှာ မြန်မာနိုင်ငံသားအချင်းချင်း ဆွဲကြိုးလုယက်မှု ဒီဇင်ဘာ ၁၀ ရက်က ဖြစ်သွားခဲ့ပြီး နောက်တနေ့မှာပဲ မြန်မာလင်မယား ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြစ်မှုကျူးလွန်သူလင်မယားက အခန်းလားငှါးဟန်ဆောင်ပြီး အခင်းဖြစ်ရာနေရာရောက်ရှိခဲ့ကာ အခန်းအားတာရှိလာလို့ စုံစမ်းမေးမြန်းပြီး မြန်မာအမျိုးသမီးတယောက်ဆွဲထားတဲ့ ၃ ကျပ်သား ရွှေဆွဲကြိုးကို လုယူကာ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့နီးစပ်သူ ကိုမျိုးက “အခင်းဖြစ်နေရာနဲ့ အနီးနားရှိ CCTV ကနေတဆင့် ကြည်လင်စွာ ဓာတ်ပုံမှတ်တမ်းရရှိခဲ့ပြီး စုံစမ်းစစ်ဆေးကြည့်တော့ ပြစ်မှုကျူးလွန်သူလင်မယားက ဆိုင်ကယ်လိုင်စင် ကတ်ပြားအတု တပ်ဆင်ထားပြီး ဝတ်ဆင်ထားတဲ့အင်္ကျီပါပြောင်းလိုက်ကာ တခြားနေရာထွက်ပြေးဖို့ လုပ်နေတာ။ အဲ့တာနဲ့ပဲ စုံစမ်းစစ်ဆေး ရဲတပ်ဖွဲ့တွေက သံသယရှိတဲ့ သော့ဆိုင်ကယ်တစီးကို အငှါးအခန်း တနေရာမှာတွေ့ရှိပြီး အခန်းထဲကိုဝင်ရောက်စစ်ဆေး မေးမြန်းလိုက်တယ်။ အခန်းထဲမှာ အမျိုးသားတယောက် နာမည် မောင်မောင်အုန်းအသက် ၂၇နှစ်နဲ့ အမျိုးသမီးတယောက်၊ နာမည် မစု အသက် ၃၀ နှစ်တွေ့ရှိပြီး ၂ ယောက် စလုံးက ကြောက်လန့် သံသယရှိသလို နေထိုင်တာတွေ့ရှိပြီး ထွက်ပြေးဖို့လုပ်ဆောင်နေတာကို တာဝန်ရှိသူတွေက CCTV ဆီက သက်သေပုံကိုပြလိုက်ပြီး ၂ ယောက်စလုံးကို စစ်ဆေးမေးမြန်းရာကနေ ဝန်ခံလိုက်တာ”လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်ချိန်မှာ သုံးထားတဲ့စ္စည်းနဲ့ အဝတ်စားတွေ၊ သက်သေခံပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က
သိမ်းထားပါတယ်။
ထိုင်းရဲကစစ်ဆေးရာမှာ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေနားကပ် ၁ စုံ ရွှေဝယ်ထားတဲ့ ဖြတ်ပိုင်း ၂ ရွက်တွေ့ရှိပြီး လင်မယား ၂ ယောက်ရဲ့ ဝန်ခံထွက်ဆိုချက်အရ လုယူသွားတဲ့ ရွှေဆွဲကြိုး ၃ ကျပ်သားကို သွားရောင်းလိုက်ပြီး ရလာတဲ့ ထိုင်းဘတ်ငွေ ၁၆၇,၀၀၀ နဲ့ ရွှေလက်စွပ် တကွင်းနဲ့ ရွှေနာကပ် တစုံဝယ်လိုက်တယ်၊ ရွှေလုရတဲ့အကြောင်အရင်းက လင်မယား ၂ ယောက် အလုပ်ပြုတ်ပြီး အလုပ်မရှိလို့ ကလေး၄ ယောက် စားသောက်ဖို့ ငွေမရှိလို့ လုပ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငရောက်မြန်မာနိုင်ငံသားတယောက်က “ပြောရမယ်ဆိုရင် သူများနိုင်ငံမှာလာနေပြီး ဒီလို ပြုမှုတာက အရမ်းကိုမှ မလုပ်ကောင်းတဲ့အရာတခုပေါ့နော်။ ကိုယ့်နိုင်ငံသားအချင်းချင်းဖြစ်ဖြစ် တခြားနိုင်ငံသားနဲ့ပဲဖြစ်ဖြစ် မလုပ်သင့်တဲ့အရာလို့ယူဆတယ်။ ဒီလိုပြုမှုတာမျိုးက သူများနိုင်ငံအမြင်က မြန်မာနိုင်ငံကို အထင်သေးခံရမဲ့ လုပ်ရပ်တခုပါ”လို့ ပြောပါတယ်။
ထိုင်းတာဝန်ရှိသူတွေ စစ်ဆေးချက်အရ ဖမ်းဆီးခံရတဲ့ မြန်မာလင်မယားဟာ ထိုင်းမှာ တရားဝင် နေထိုင်ဖို့ ဗီဇာသက်တမ်း ကုန်နေတာ စစ်ဆေးတွေ့ရှိရပါတယ်။
ဆက်လက်တာဝန်ရှိသူတွေက လင်မယားနှစ်ဦးကို ယာဉ်ကို အသုံးပြု၍ လုယက်မှု ကျူးလွန်မှု ဗီဇာသက်တမ်းကုန်ဆုံးပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင်နေထိုင်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းရဲ တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။


