Home
မြန်မာသတင်း
စမွတ်စခွန်းတွင် လူသတ်မှုကျူးလွန်သည်ဟု သံသယရှိ မြန်မာ ၁ ဦး ဖမ်းဆီးခံရ 
DVB
·
December 18, 2025
Photo: Khaosod

ထိုင်းနိုင်ငံ အရှေ့ပိုင်း ကျန်ထပူရီခရိုင်ထဲမှာ ဒီလဆန်းပိုင်းက လူတယောက်အား ရိုက်နှက်ကြိုးတုပ်ပြီး‌ အလောင်းကို ရေပုံးထဲထည့်ကာ ဝါးတောထဲ လာရောက်စွန့်ပစ်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူ မြန်မာအမျိုးသားတယောက်ကို ဖမ်းဆီးရမိကြောင်း Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သံသယရှိသူမှာ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား နိုင်းနားဖြစ်ပြီး စမွတ်စခွန်းခရိုင် ကထုန့်ပဲန်မြို့ အုမ်းနွဲ့ရပ်ကွက် ဖစ်ကဆဲမ်လမ်း ၁၂၄ မှာ ပုန်းအောင်းနေကြောင်း သိရတာကြောင့်  တာဝန်ရှိ ရဲတွေက ကျန်ထပူရီခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့အတူ  သွားရောက်ဖမ်းဆီးခဲ့တာလို့  ဆိုပါတယ်။ 

နိုင်းနားကတော့ ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်တယ်ဆိုတာ မှန်ကန်ပေမဲ့ လူသတ်မှုနဲ့ မပတ်သက်ဘူးလို့  ငြင်းဆိုထားပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ကျန်ထပူရီခရိုင် နားယိုင်းအန်းမြို့ပြင် ဝပ်ပါထမ် မဆုခ်ကျောင်းတိုက်အနီး ဝါးရုံတောထဲမှာ လူသေအလောင်းထည့်ထားတဲ့ အနက်ရောင် ရေပုံးကြီးကို ဒေသခံတွေက တွေ့မြင်ခဲ့ပါတယ်။ 

အဆိုပါနေရာကနေ အပုပ်နံ့တွေရတယ်၊ ခွေးသေကောင်လို့ ထင်ပြီးသွားကြည့်ရာမှာ ၂၀ လီတာဆံ့ အနက်ရောင်ရေပုံးတပုံး တွေ့ရှိတယ်၊ အထဲမှာ ပလတ်စတစ်အနက်ရောင်နဲ့ ထုတ်ထားတဲ့ အထုပ်ကြီးတထုပ် ထည့်ထားတယ်။ လူနဲ့ အလားသဏ္ဌာန်တူတာကြောင့် ရွာသားတွေက လူမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်။ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာ အိတ်မည်းထဲမှာ ပုဆိုးနဲ့ထုပ်ထားတဲ့ အသက် ၄၀ ရွယ်ခန့် အဝတ်ဗလာနဲ့ အမျိုးသားအလောင်း တွေ့တယ်၊ အလောင်းမှာ ခေါင်းနဲ့ခြေတောက် ထိအောင် ခေါက်ပြီး ထည့် ထားတယ်။ ခြေ လက်တွေ ကြိုးတုပ်ထားတယ်၊ လည်ပင်းနဲ့ ရင်ဘတ်မှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းရာတွေ တွေ့တယ်၊ မြန်မာလုပ်သားလို့ ယူဆရတယ်၊ သေဆုံးတာ တပတ်ခန့်ရှိပြီလို့ ဆိုပါတယ်။ 

ဒေသခံတွေကတော့ သေဆုံးသူကို မမြင်ဖူးကြောင်း၊ တနေရာရာမှာ အသတ်ခံရပြီး အဲဒီနေရာမှာ လာစွန့်ပစ်ထားဟန်တူတယ်၊ ရပ်ကွက်အနီးမှာ ဒီလို ချောက်ချားစရာတွေ့လို့  စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အနီးတဝိုက် စုံစမ်းရာမှာ စီစီတီဗွီကင်မရာထဲမှာတော့ ယခင်တပတ်က အဲဒီနေရာအနီးမှာ မသင်္ကာဖွယ် ကားတစီး ခေတ္တလာရပ်နားခဲ့တယ်။ အဲဒီနောက် အမှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၃ ယောက်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး ဆက်လက်စုံစမ်းနေတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: Khaosod / Thairath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013