
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်မှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာနဲ့အမျှ ရှေ့တန်းစစ်မျက်နှာတွေနဲ့ ဝေးတဲ့နေရာတွေမှာပါ သက်ရောက်မှုကို ခံစားနေကြရပြီး ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေလည်း မရေမရာ အခြေအနေမှာ ပိတ်မိနေပါတယ်။
ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းကျော်ဟာ ဘေးကင်းကင်း အိမ်မပြန်နိုင်သလို ထိုင်းနိုင်ငံမှာ ဆက်ပြီးအလုပ်လုပ်နိုင်မလား ဆိုတာလည်း မသေချာဘဲ နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာကို စိုးရိမ်နေကြပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပုံမှန်အိပ်မက်တွေက တည်ငြိမ်တဲ့ လုပ်ခလစာ၊ ကျောင်းလခတွေ အချိန်မီပေးဖို့နဲ့ အိမ်ကို ငွေပြန်ပို့နိုင်ရေးတွေ ဖြစ်ပါတယ်။
အခုတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် လက်နက်ကြီးသံတွေ ပဲ့တင်ထပ်လာတာနဲ့အမျှ အိပ်မက်တွေကလည်း ဟန်ချက်ညီညီ လှုပ်ခတ်နေပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်သားအင်အားကို အလွန်အမင်းသုံးနေတဲ့ စီးပွားရေးဟာ ငါးဖမ်းဆိပ်ခံတံတားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမား သိန်းပေါင်းများစွာအပေါ် အများကြီး မှီခိုနေရပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ စီးပွားရေး မရေမရာဖြစ်မှုသာမက တိုးပွားလာတဲ့ ကြောက်ရွံ့မှုနဲ့ သံသယစိတ်တွေကိုပါ ရင်ဆိုင်နေရပါတယ်။
ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားကွန်ရက်ရဲ့ စေတနာ့ဝန်ထမ်း ဘူအာက “ထိုင်းလူမျိုးတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ကြေညာတဲ့အခါ သူတို့အားလုံးမှာ သွားစရာ ခိုလှုံရာတွေ ရှိကြတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားလူမျိုးတွေမှာ သွားစရာနေရာ မရှိဘူး။ သူတို့ရဲ့အသက်တွေလည်း အန္တရာယ်ကျရောက်နေတယ်” လို့ ပြောပါတယ်။
နယ်စပ်တင်းမာမှုတွေ ဆက်မြင့်တက်လာတာနဲ့အမျှ စစ်ဆေးရေးဂိတ်တွေ များလာခဲ့တာပါ။ နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ပိတ်သိမ်းလာပြီး ကောလာဟလတွေဟာ အချက်အလက်တွေထက် ပိုမြန်မြန်ပျံ့နေလို့ အားနည်းနေတဲ့ အသိုက်အဝန်းအပေါ် သံသယနဲ့ ရန်လိုမှုတွေ တိုးပွားလာစေပါတယ်။
ဒီအခြေအနေဟာ လောင်းကစားရုံတွေနဲ့ လိမ်လည်မှုတွေကြောင့် နာမည်ကြီးတဲ့ ကမ္ဘောဒီးယားမြို့ ပိုက်ပက်ရဲ့ နယ်စပ်တဘက်နဲ့ ဆင်တူပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံသား ၅,၀၀၀ ကနေ ၆,၀၀၀ အထိဟာ စစ်ဆေးရေးဂိတ်ပိတ်ထားလို့ ထိုင်းနိုင်ငံထဲကို ပြန်မဝင်နိုင်ဘဲ အဲဒီမှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။
ကမ္ဘာဒီးယားအလုပ်သမား စိုင်းက “အရင်ကလို ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ အရင်က ထိုင်းနဲ့ ကမ္ဘောဒီးယားလူမျိုးတွေ အတူတူနေထိုင်ပြီး ကောင်းကောင်းနေထိုင်ခဲ့ကြပါတယ်။ အခုတော့ အရင်ကလို မဟုတ်တော့ဘူး” လို့ ပြောပါတယ်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခဟာ ဒီဇင်ဘာ ၇ ရက်မှာ တကျော့ပြန်ဖြစ်ခဲ့ပြီး တဘက်က စတိုက်ခိုက်တာလို့ နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
Source: Reuters


