
၂၀၂၅ မှာ စစ်အုပ်စုရဲ့ လူသတ်စွမ်းရည် ပိုမိုထက်မြက်လာတယ်။ ဆုံးရှုံးနယ်မြေ ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်တာကို ပြောစရာမရှိ။ ပြဿနာက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲသတ်ဖြတ်မှု။ ကမ္ဘာကြီးကတောင် ဖျားလောက်ဖွယ် မှင်တက်ရ။ ဘယ်သူကိုမှ ဂရုမစိုက်၊ ဘယ်သူ ဘာပြောပြော အရေးမလုပ်။ စစ်အုပ်စုက သူ့ကျွမ်းကျင်ရာအလုပ်နဲ့ သူ့အာဏာ သက်ဆိုးရှည်ရေး နိုင်ငံအနှံ့ ပြည်သူတွေ သွေးချောင်းစီးရေးသည် ဒို့အရေး။
စစ်အုပ်စုလိုပဲ အာဆီယံကလည်း ၂၀၂၅ တနှစ်လုံး သူ့အလုပ်သူ ဆက်လုပ်တယ်။ အာဆီယံရဲ့အလုပ်က မြန်မာပြည်သူတွေ ဘယ်လောက်သေသေ၊ မြန်မာအရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည်သာ ဘုရားဟော တရားပမာ ထာဝရ အမှန်တရား။ ပြေးပြေးလွှားလွှား ညှိညှိနှိုင်းနှိုင်း နတ်ပြည်က အပ်တချောင်းနဲ့ လူ့ပြည်က အပ်တချောင်း ဘာလို့ ထိမိတိုးမိ မရှိနိုင်ရမှာလဲဆိုတဲ့ မျှော်လင့်ချက်ကြီးမှုပေလား မပြောတတ်။
၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌက မလေးရှားနိုင်ငံဆိုတော့ တချို့လည်း မျှော်မိမျှော်ရာ မျှော် လင့်ကြတယ်။ အာဆီယံအလှည်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဆိုတာ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ လောလောဆယ်ဖယ်ထုတ်ထားရမယ်လို့ ၂၀၂၃ ခုနှစ်တုန်းက မှတ်ချက်ပေးခဲ့သူဆိုတော့ မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌ မလေးရှား အနည်းဆုံးတော့ လေသံမာမှာပဲလို့ တွက်ဆကြတယ်။
ဒါပေမဲ့၊ ‘မင်း’ တို့ ပရိယာယ် သိပ်ကြွယ်လွန်းလေတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်ရော မလေးရှားဝန်ကြီးချုပ်ရဲ့ အရင့်အရင် ပြင်းထန်ခဲ့တာတွေက ပျောက်ဆုံးရုံတင်မက ဘန်ကောက်မှာ မင်းအောင်လှိုင်နဲ့ ချိန်းဆိုကာ လက်ဆွဲနှုတ်ဆက်တာတွေပါ လုပ်ကုန်တော့တယ်။
၂၀၂၅ မတ်လ ၂၈ ရက်၊ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် မတ်လ ၃၀ ရက်မှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းအထူးအစည်းအဝေးခေါ်ကာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေကို အရေးပေါ်အကူအညီပေးရေး။ ပြီးတော့ ပြည်သူတွေ ဒီလောက် ဒုက္ခရောက် ဘေးသင့်နေချိန်မှာ ဒီပြည်သူတွေအရေးအတွက် နိုင်ငံရေးတွေ ဘာတွေ ခဏရပ်ထား၊ အပစ်အခတ်တွေ ဘာတွေ ရပ်ထားဖို့လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့က ဆိုကြတယ်။
ဧပြီ ၁ ရက်မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က တလတာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ဧပြီ ၂ ရက်မှာ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်လေတော့ ကုလအတွင်းရေးမှူးချုပ်နဲ့ ဥရောပသမဂ္ဂတို့က အပစ်ရပ်ကြေညာချက်တွေကို ကြိုဆို။ အပစ်ရပ်ခြင်းကနေ နိုင်ငံရေးဆွေးနွေးအဖြေရှာတဲ့အထိ မင်းအောင်လှိုင် လူလိုသိလာမလားလို့ စိတ်ကူးတွေယဉ်ကြ။ ဆိုးရွားလွန်းတဲ့ ငလျင်ဘေးကြီးကနေ နိုင်ငံရေးအပြောင်းအလဲတခုဆီသို့ အဆိုးထဲကနေ အကောင်းကို ရှာတွေ့လေမလားပေါ့။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဘေးတီးပေးမှုတွေနဲ့ ဘန်ကောက်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဖို့အထိ ဖြစ်ခဲ့တယ်။ မြန်မာတွေ အလေးအနက်ထားကြတဲ့ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ၁၇ရက်) နေ့၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ဘေးဘယာ ကင်းဝေးကြပါစေကြောင်း နှစ်ဆန်း ၁ ရက်မနက်မှာ မင်းအောင်လှိုင် တောင်းဆုခြွေ၊ ထုံးစံမပျက် လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသားနည်းနည်းနဲ့ ရာဇဝတ်အကျဉ်းသားများများကို လွတ်ငြိမ်းခွင့်လည်းပေး။ ပြီးတော့ မိုးကုတ်မြို့အရှေ့ပိုင်းက ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲပြီးနောက် ဘန်ကောက်ထွက်လာတယ်။
ဘာပဲဖြစ်ဖြစ် မလေးရှားဝန်ကြီးချုပ်က အပစ်အခတ်တွေရပ်မှသာ ငလျင်ဘေးသင့်ပြည်သူတွေကို ခွဲခြားမှုမရှိဘဲ ထိထိရောက်ရောက် အကူအညီပေးနိုင်မယ်လို့ဆိုကာ မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ကျောသပ်ရင်သပ် လုပ်ကြည့်တယ်။ မျှော်လင့်ချက်တွေက ရှိနေလေတော့ မင်းအောင်လှိုင်ပေးတဲ့ လွတ်ငြိမ်းခွင့်ကိုလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်လို့ ချီးကျူး လိုက်သေးတယ်။
အားလုံးမျက်မြင် မလေးရှားဝန်ကြီးချုပ်ရဲ့ မျှော်လင့်ချက် ဘေးသင့်ပြည်သူ ခွဲခြားမှုမရှိ အကူအညီပေးရေးဆိုတာ ကျကွဲ။ မင်းအောင်လှိုင်က ဗုံးကြဲမပျက်ဘဲ အပစ်ရပ်သက်တမ်း တိုးနေတာလည်း ဗြောင်။ စစ်ကောင်စီ အပစ်ရပ် ၃ ကြိမ် ကြေညာခဲ့တဲ့ ဖျက်အားပြင်း ငလျင်လှုပ်အပြီး ဧပြီ ၂ ရက်ကစလို့ မေလကုန်အထိ လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် တိုက်ခိုက်မှုပေါင်း ၂၄၃ ကြိမ် ကျူးလွန်ခဲ့ရာမှာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကိုယ်တိုင်က မေ ၂ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့၊ မေလကုန်ပိုင်းမှာ ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ နှစ်ဘက် အပစ်ရပ်ကြေညာချက်တွေကို ချီးကျူးလိုက်ပြန်တယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ မမြင်ချင်ယောင်ဆောင်မှုက အကန်းနဲ့မခြား အခြေအနေဆိုးခဲ့တာကြောင့် စစ်တပ် အပစ်ရပ်ထားတယ်ဆိုတဲ့ မေ ၁၂ ရက်မှာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ရွာစာသင်ကျောင်း ဗုံးကြဲခံရမှုကိုတောင် မမြင်။ စစ်ကောင်စီသတ်လို့ မြန်မာပြည်သူတွေ ဘယ်လောက်သေသေ ငါတို့နဲ့မဆိုင်ဘူးလို့ အာဆီယံခေါင်းဆောင်တွေ သက်သေပြခဲ့တယ်။
အာဆီယံခေါင်းဆောင်တွေ သူတို့မမြင်ချင်တာ မမြင်ချင်ယောင်ဆောင်ပြီး ဆက်ရွေ့တယ်။ စစ်အုပ်စု ပြုလုပ်မယ်ဆိုတဲ့ တရားမဝင်ရွေးကောက်ပွဲကိုကျ မမြင်ချင်ယောင်ဆောင်လို့ မရလေတော့ မြန်မာ့အရေးဖြေရှင်းရာမှာ စစ်ကောင်စီရွေးကောက်ပွဲဟာ ဦးစားပေးမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌ မလေးရှားက အသံပေးခဲတယ်။
တရုတ်ထောက်ခံချက်အပြည့်ရထားတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲကနေ တပြားမှ မလျှော့တာ သေချာနေလေတော့ အဲဒီရွေးကောက်ပွဲကို အသေးစိတ်ဆန်းစစ်ဖို့ဆိုပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၄ ဦး စက်တင်ဘာ ၁၉ ရက်မှာ နေပြည်တော်သွားကြမယ်လို့ ဆိုပြန်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင် လက်မခံလို့ အဲဒီခရီး စဉ်ပျက်သွားတဲ့ပုံ။ အောက်တိုဘာ ၉ ရက်ကျမှ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သာ နေပြည်တော်သို့ နေ့တပိုင်းရောက်သွားတယ်။
စစ်အုပ်စုက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်အောင်လုပ်မှာ သေချာနေလေတော့ နောက် ဆုံး ကောက်ရိုးတမျှင်များ ဆွဲမိမလားဆိုပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး သွားညှိကြည့်တဲ့ပုံ။ ညှိနှိုင်းမှု အဆင်မပြေရုံတင်မက မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စု ရွေးကောက်ပွဲကို ထောက်ခံရုံတင်မက အာဆီယံကလည်း အကောင်းဆုံးပူးပေါင်းသွားမယ်လို့ မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စစ်ကော်မရှင်က ပရမ်းပတာကြေညာချက် ထုတ်ပြန်ခဲ့လေတော့ မဟုတ်ရပါကြောင်း ရှင်းရလင်းရ၊ အာရုံနောက်ရ၊ အလုပ်ရှုပ်ရ။
စစ်အုပ်စုရွေးကောက်ပွဲကို အာဆီယံ ဘယ်လို သဘောထားမလဲဆိုတာ ၂၀၂၅ ခုနှစ်ရဲ့ အပိတ် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို စောင့်ကြည့်ကြရတယ်။ အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာတော့ အာဆီယံစတိုင် တည့်တည့်မပြော၊ မပြတ်မသား ဝေ့ကာဝိုက်ကာ သံတမန်ရေးဝေါဟာရ နိုင်နိုင်နဲ့ ပဥ္စလက်ဆန်ပြတော့တယ်။
စစ်အုပ်စုရွေးကောက်ပွဲကို ထောက်ခံတယ်လို့ မပြောပေမဲ့ ပယ်ချခြင်းလည်း မရှိ။ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ်ဖို့ စစ်ကောင်မရှင်ရဲ့ ဖိတ်ကြားမှုကိုတောင် အာဆီယံအနေနဲ့ မှတ်သားထားမယ်တဲ့။ မှတ်သားထားမယ်ဆိုတဲ့စကားဟာ လွှတ်၊ မလွှတ် မဆုံးဖြတ်ရသေးဘူးလို့ ကောက်ယူနိုင်ပေမဲ့ အခု ဒီဇင်ဘာ နောက်ဆုံးပတ်အထိ စောင့်ကြည့်အဖွဲ့ စေလွှတ်မယ့်ပုံစံ မရှိလေတော့ မလွှတ်တော့ဘူးလို့ ပြောရမယ်ပုံ။ ဒါပေမဲ့ စစ်အုပ်စုရွေးကောက်ပွဲအပေါ် ပြတ်သားတဲ့ မှတ်ချက်မပေးထားလေတော့ ရွေးကောက်ပွဲအလွန် ကာလအတွက် တိုးသာ ဆုတ်သာ လမ်းကြောင်းခင်းထားသလားလို့ မေးခွန်းထုတ်ရပါမယ်။
၂၀၂၅ ခုနှစ် အာဆီယံကို ချုပ်ရရင် အရင့်အရင်နှစ်တွေတုန်းကထက် မြန်မာ့အရေး အားစိုက် ဆောင် ရွက်ချက်တွေကို တွေ့လာရပြီး နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ပါ တရားဝင်တွေ့ဆုံမှုတွေ ရှိလာပေမဲ့ အာဆီယံမူ ၅ ရပ်ဆိုတာ စစ်အုပ်စု ဆောင့်ဆွဲရာနောက် တရွတ်တိုက် ပါသွားမြဲပါပဲ။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်ညက မြောက်ဦးဆေးရုံကြီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကလည်း အာဆီယံရဲ့ အင်မတန်ရှား ရှားပါးပါး ရှုတ်ချရဲခြင်းမို့ မြန်မာ့အရေ သမိုင်းဝင်ကြေညာချက်တစောင်အဖြစ် မြန်မာပြည်သူတွေ ရွှေချသိမ်းထားရပါမယ်။ ဒါ့အပြင် မင်းအောင်လှိုင်နဲ့ သန်းဆွေကို အာဆီယံထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်ခြင်းကို ဒီနေ့ထိတိုင် မာမာထန်ထန် ဆက်လက်ကိုင်စွဲထားခြင်းဟာ အာဆီယံရဲ့ တခုတည်းသော ရဲစွမ်းသတ္တိမို့ မှတ်တမ်းတင်ရပါမယ်။
မကြာခင်မှာ ၂၀၂၆ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆက်လက်ချီတက်ပါ တော့မယ်။ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံလက်ထက်မှာရော မြန်မာ့အရေး ဘာတွေ ဆက်မျှော်လင့်လို့ ရနိုင်သေးပါသလဲ။ ဖိလစ်ပိုင်တနိုင်ငံတည်း မဟုတ်ဘဲ မြန်မာ့အရေးကို အတိအလင်းထောက်ခံခဲ့ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ ဖိလစ်ပိုင် ၄ နိုင်ငံပေါင်းပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ယူလည်း ဘာမှ မျှော်လင့်လို့မကြောင်း ၄ နှစ်ကျော်ကြာ အဖြစ်အပျက်တွေက သက်သေခံခဲ့ပြီးဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အာဆီယံမူ ၅ ရပ် အလုပ်မဖြစ်ကြောင်း ဝန်ခံပြီး မြန်မာ့အရေး ဗျူဟာအသစ်ရေးဆွဲရေးဆိုတာ ပစ္စက္ခလိုအပ်ချက်ဖြစ်ကြောင်း အာဆီယံကိုယ်တိုင် သိရှိပေမဲ့ အာဆီယံ မလုပ်နိုင်စွမ်းတဲ့ ကိစ္စရပ်လည်း ဖြစ်နေပြန်ပါတယ်။
ဒါ့ကြောင့် အာဆီယံမူ ၅ ရပ်ကိုသာ ကျစ်ကျစ်ပါဆုပ်လို့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာအတွက် မူ ၅ ရပ်ကို ဆက်လက် ကိုင်စွဲခြင်းသည်သာ တခုတည်းသောလမ်းပါပဲ။
သွေးဆာနေတဲ့ ကျားနာတကောင်ကို သားသတ်လွတ်စားဖို့ ချော့မြှူနေခြင်းဟာ အာဆီယံရဲ့ မြန်မာ့ အရေး သမိုင်းဝင်အားစိုက်မှုကြီးပါပဲ။
လင်းဆက်ငြိမ်းချမ်း


