
အာဏာသိမ်းစစ်အုပ်စုအတွက် တခုတည်းသော နိုင်ငံရေးထွက်ပေါက်အနေနဲ့ အသုံးချဖို့ရှိနေတဲ့ ရွေးကောက်ပွဲကျင်းပဖို့က ရက်ပိုင်းပဲ လိုပါတော့တယ်။
အရင်ရွေးကောက်ပွဲတွေတုန်းက အခုလိုအချိန်မှာ ပြည်သူတွေကြားထဲ လှုပ်လှုပ်ရှားရှားနဲ့ ဇာတ်ရှိန်အမြင့်ဆုံးကာလ ဖြစ်သလို ပါတီတွေရဲ့အပြိုင် မဲဆွယ်မှုတွေနဲ့ မြိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အုပ်စုက လုပ်မဲ့ ရွေးကောက်ပွဲမှာတော့ အချိန်နီးကပ်လာပေမဲ့လည်း မြေပြင်လူထုကြားမှာ အထူးအထွေ စိတ်ခံစားမှုရှိတာ မတွေ့ရသလို ကိုယ်နဲ့မဆိုင်သလို ပုံမှန်အတိုင်း ရှိနေခဲ့ပြီး ပြည်မပါတဲ့ ရွေးကောက်ပွဲတခုရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။
ပါတီအချို့ရဲ့ ကွက်တိကွက်ကြား မဲဆွယ်ပွဲက လမ်းဘေး မျက်လှည့်ဝိုင်းလောက်တောင် လူစိတ်ဝင်စားမှု ရှိမနေသလို မဲဆွယ် လက်ကမ်းစာစောင်တွေက ကုန်ပစ္စည်း လက်ကမ်းကြော်ငြာ စာရွက်လောက် အသုံးမဝင်ဘဲ ရှိနေပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူတယောက်က “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆို၊ ငြင်းခုံသံလည်း မကြားရဘူး။ ဘယ်ပါတီ၊ ဘယ်သူ ဝင်ပြိုင်မှာလဲ ဆိုတာတောင် မသိကြဘူး” လို့ ပြောပါတယ်။
နိုင်ငံရေးသမားမျိုးဆက်တွေ မွေးထုတ်ခဲ့သလို နိုင်ငံရေးသမိုင်းအစဥ်အလာကြီးခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်တင်မကဘဲ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အသံတိတ်နေခဲ့ပြီး ပြည်သူတွေရဲ့ရင်ထဲက အသိအမှတ်မပြု၊ လက်မခံတဲ့ ခံစားချက်ကို ဖော်ပြနေပါတယ်။
အကြမ်းဖက်စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းလိုက်ပြီး ၅ နှစ်နီးပါးအကြာမှာ ရေရှည်အာဏာဆုပ်ကိုင်နိုင်မဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းပြင်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းက တော်လှန်ပုန်ကန်မှုတွေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်မပြုမှုနဲ့အတူ ရှောင်ဖယ်ခံရတဲ့ စစ်အုပ်စုက ရွေးကောက်ခံအစိုးရအဖြစ် အသွင်ပြောင်းပြီး အာဏာဆက်လက်ဆုပ်ကိုင်နိုင်အောင် အစီအစဥ်တကျ ဖန်တီးထားတဲ့ အတုအယောင်၊ ဟန်ပြရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဖြစ်ကတတ်ဆန်း ဆန်နေသလို ဖရိုဖရဲနိုင်တဲ့ ပြင်ဆင်မှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲတခုအဖြစ် ရှိနေသလို တဘက်မှာလည်း အဓိကကျတဲ့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု ကင်းမဲ့တဲ့ တုံ့ပြန်မှုနဲ့ပါ ရင်ဆိုင်နေရပါတယ်။
စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေပေမဲ့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လုပ်ကျင်းပနိုင်မှာ မဟုတ်ဘဲ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေလောက်ပဲ ကျင်းပသွားဖို့ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ရွေးကောက်ပွဲအပြည့်အဝလုပ်နိုင်တဲ့ မြို့နယ် ၁၃၀ ပဲရှိကာ ၁၃၃ မြို့နယ်မှာ အပြည့်အဝမလုပ်နိုင်သလို ၆၈ မြို့နယ်မှာ လုံးဝကျင်းပနိုင်မှာ မဟုတ်ဘူးလို့ စစ်အုပ်စုသြဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါက နောက်ဆုံးလျာထားတဲ့စာရင်းဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်အထိ မဲပေးခွင့်ရှိတဲ့ လူစာရင်းက ဂဏန်းမငြိမ်သေးတဲ့အတွက် ထုတ်ပြန်တာမရှိသေးပါဘူး။
စာရင်းမမှန်ကန်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကိုယ်တိုင် ဦးဆောင်ပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းအလွဲအချော်တွေနဲ့ ဗျာများနေသလို ဝေဖန် ထောက်ပြသူတွေကို သတိပေး၊ ဖမ်းဆီးအရေးယူပြီး သူတို့ရဲ့အမှားကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
ဒီမိုကရေစီလမ်းကြောင်းသွားဖို့အတွက် ဆိုပြီး တဖွဖွပြောကာ အာဏာနဲ့ အဓမ္မကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်အုပ်စုက ဆတ်ဆတ်ထိမခံဘဲ အမြင့်ဆုံး ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ ရွေးကောက်ပွဲဥပဒေတရပ်ကို တက်သုတ်ရိုက်ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ၊ ဝေဖန်၊ ထောက်ပြသူတွေကို မညှာမတာ ဖမ်းဆီးပြီး အဲဒီဥပဒေနဲ့ အရေးယူကာ ပြစ်တင်ပြောဆိုသံတွေတိတ်အောင် ထိန်းချုပ်ထားပါတယ်။
နောက်ဆုံးအချိန်အထိ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေ ပျက်ပြားစေအောင်လုပ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူခံထားရသူ ၂၃၀ နီးပါးရှိပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကစလို့ မတရားဖမ်းဆီးထောင်ချခံရပြီး ပြန်လွတ်တာမကြာသေးဘဲ ကင်ဆာဝေဒနာ ခံစားနေရတဲ့ ဒါရိုက်တာမိုက်တီး လို ထင်ရှားသူတွေလည်း ပါပါတယ်။
စစ်အုပ်စုက သူတို့ရဲ့ ရွေးကောက်ပွဲကို ပြစ်တင်၊ ဝေဖန်သံထွက်မှာ မလိုလားတာဖြစ်ပေမဲ့ ပြည်သူတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်ဖို့ ဆန္ဒမရှိတဲ့အထိကို ပြတ်သားကာ အသံတိတ်နေခဲ့ပါတယ်။
အခြေခံလူတန်းစား ခေါင်းရွက်ဗျပ်ထိုးစျေးသည်က အစ အထက်တန်းလွှာတွေအထိ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အရေးတယူရှိမနေတာ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးမှ ပျံကျကုန် စိမ်းရောင်းသူတယောက်က “အရင် ရွေးကောက်ပွဲတုန်းက ဈေးမထွက်ဘဲကို မဲသွားထည့်တာလေ။ ကိုယ်တွေ အနီနိုင်ချင်လို့ပေါ့။ အခုက ရွေးကောက်ပွဲ ဘယ်နေ့လုပ်မလဲတောင် မသိဘူး” လို့ ပြောပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက လက်မခံသလို စိတ်ဝင်စားမှုမရှိဘူးဆိုတာ မြေပြင်က လူထုရဲ့ စကားဝိုင်းတွေကနေလည်း သိမြင်နိုင်ပါတယ်။
ဒါတင်မကဘဲ အနီးစပ်ဆုံး မြင်သာတဲ့အချက်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲကို ဒီဇင်ဘာလဆန်းမှာ သက်ဆိုင်တဲ့နိုင်ငံမှာရှိတဲ့ စစ်အုပ်စုသံရုံးတွေက လက်ခံချိန်မှာ မဲပေးသူ မရှိသလောက် ဖြစ်ခဲ့တာပါ။
အရင်က ကြိုတင်မဲပေးဖို့အတွက် သံရုံးအနီးလမ်းမတွေပေါ်မှာ အလုံးအရင်းနဲ့ ညအိပ် စောင့်ဆိုင်းခဲ့ကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက အခုအခါမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေက ပြည်သူတွေရဲ့သဘောထားကို ကြိုတင်ခန့်မှန်းလို့ရတဲ့ သက်သေဖြစ်ပေမဲ့ အာဏာသိမ်းစစ်အုပ်စုကတော့ သူတို့ရဲ့အကျင့်အတိုင်း အမှန်တရားကို လက်ခံရဲတဲ့သတ္တိရှိ မနေပါဘူး။
စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကို မလိုလားသူထက် လိုလားတဲ့ပြည်သူ ပိုများတယ်ဆိုပြီး ဒီဇင်ဘာ ၁၅ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေအနေနဲ့ ပကတိအရှိတရားကို သိသိနဲ့လက်ခံဖို့ တွန့်ဆုတ်နေပေမဲ့ ပြည်ပက ကြိုတင်မဲဖြစ်ရပ်မျိုးလို မဲပေးသူမရှိဘဲ ရုပ်ပျက်ဆင်းပျက် သိက္ခာကျဆင်းရတဲ့ ရွေးကောက်ပွဲဖြစ်မှာကိုတော့ လိုလားပုံမရပါဘူး။
အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက် မြစ်ကြီးနားခရီးစဥ်မှာ လူငယ်တွေ မဲပေးကိုပေးရမယ်လို့ လူသိရှင်ကြား အမိန့်သံနှောပြောကာ သူတို့ရဲ့စိုးရိမ်စိတ်ကို လှစ်ဟပြခဲ့ပါတယ်။
အာဏာသိမ်း အဓိကစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ မဲပေး၊ မပေးက မဲဆန္ဒရှင်တွေ ဆန္ဒအတိုင်းပဲလို့ သူ့ရဲ့နယ်လှည့်စည်းရုံးရေးခရီးစဥ်တွေမှာ သဘောကြီးသူဆန်ဆန် ပြောဆိုပါတယ်။
တဆက်တည်းမှာပဲ မဲမပေးတာဟာ ဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့အပေါ် မထောက်ခံတာဆိုပြီး စစ်အာဏာရှင်စနစ် ဆုပ်ကိုင်ကာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အမြစ်ဖြတ်ဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်က ပြည်သူတွေကို အပြစ်တင်ပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးက ပြဒါးတလမ်း၊ သံတလမ်းဖြစ်ပေမဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့အတွက် ဒီမိုကရေစီကို တဖွဖွပြောနေခဲ့ပြီး တပ်တွင်း တွေ့ဆုံပွဲတွေမှာတော့ တပ်မတော်နဲ့ စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်တဲ့သူ၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းလိုက်နာမဲ့သူကို မဲထည့်ဖို့ပြောကာ စစ်တပ် အာဏာဆုပ်ကိုင်သွားမယ်ဆိုတာ ထုတ်ပြခဲ့ပါတယ်။
ဒီမိုကရေစီရဲ့ အရသာကို ဆယ်စုနှစ်တစုလောက်ပဲ မြည်းစမ်းခွင့်ရခဲ့တဲ့ ပြည်သူတွေအတွက် စစ်တပ်ကပေးမဲ့ အတုအယောင် ဒီမိုကရေစီကို ယုံကြည်မှု ရှိမနေပါဘူး။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး ပြောစကားတွေနဲ့ နိုင်ငံရေး အသိဖွင့်ပေးခဲ့မှုတွေကတဆင့် နိုင်ငံရေးအသိရေချိန် မြင့်လာခဲ့တဲ့ပြည်သူတွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဖောက်တဲ့လမ်းကို ကိုယ်တိုင်မှန်းဆတတ်ပြီဆိုတာ ရွေးကောက်ပွဲအပေါ် သူတို့ သဘောထားက သက်သေပြနေပါတယ်။
အမိန့်အာဏာနဲ့ အကြောက်တရား ရိုက်သွင်းပြီး အုပ်ချုပ်ဖို့ပဲ တတ်တဲ့ စစ်အုပ်စုကတော့ သူတို့နည်းလမ်းအတိုင်း ရွေးကောက်ပွဲ အထမြောက်ဖို့အတွက် ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေနဲ့ မဲရုံးကို တွန်းပို့ဖို့ရှိနေတာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ စိတ်ရင်းအမှန်ကို သိရှိနားလည်တဲ့ ပြည်သူတွေအတွက် ဒီအခြေအနေကို ကြိုတင်မှန်းထားပြီး ဖြစ်တာကြောင့် မီးစင်ကြည့်ကရမဲ့ အခြေအနေတခု ဖြစ်တယ်လို့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဖိအားပေးခံနေရတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တယောက်က ပြောပါတယ်။
“ဒီရွေးကောက်ပွဲက ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာ အဖြေထွက်ပြီးသား။ ရှောင်လွှဲဖို့ မဖြစ်နိုင်ရင် အန္တရာယ်မဖြစ်အောင် ဦးစားပေးရမယ်လို့ လက်ခံထားတယ်။ ကိုယ့်အခြေအနေနဲ့ကိုယ် လိမ္မာပါးနပ်ရမှာပဲ။"
ပြည်သူတွေအတွက် ရွေးကောက်ပွဲက စစ်အုပ်စုရဲ့ထွက်ပေါက် မဟုတ်ဘူး ဆိုတာ လက်ခံထားပြီး အသွင်ပြောင်းသည့်တိုင် မူလရည်ရွယ်ချက်ဖြစ်တဲ့ အာဏာရှင်စနစ် အမြစ်ဖြတ် ဖြုတ်ချရေး ယုံကြည်ချက် ဆက်ရှိနေမှာ သေချာပါတယ်။
မင်းမခ


