
စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ၂ ကြိမ်တိုင် ကပ်ထားပေမဲ့ လာရောက်ကြည့်ရှုမဲ့သူမရှိလို့ မဲပေးမဲ့နေ့အထိ မဲစာရင်း ကပ်ပေးထားမယ်လို့ ဒီဇင်ဘာ ၂၂ ညက ထုတ်ပြန်ကြေညာပါတယ်။
တတိယအကြိမ် မဲစာရင်းကို ဒီဇင်ဘာ ၂၃ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက် မဲပေးမဲ့နေ့အထိ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ရေးမှူးရုံးတွေမှာ ကပ်ပေးထားမယ်လို့ စစ်အုပ်စုက ကြေညာတာပါ။
စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ စိတ်ပါဝင်စားမှု မရှိသလို မဲစာရင်းကိုလည်း သွားကြည့်တာ မရှိဘူးလို့ လှည်းကူးမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“လှည်းကူးက စစ်တပ်နယ်မြေ၊ ဒါပေမဲ့ စစ်တပ်ကိုရော ကြံ့ခိုင်ရေးကိုရော မထောက်ခံလို့ မဲစာရင်း သွားမကြည့်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးက အသံချဲ့စက်နဲ့ လိုက်အော်လည်း အသံချဲ့စက် ငှားတဲ့ခသာ ကုန်သွားမယ်၊ မဲစာရင်းကို ဘယ်သူမှသွားမကြည့်ဘူး။ နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့တွေလည်း ပြည်သူတွေက စိတ်ဝင်စားမှုမရှိဘူးဆိုတာ သိလို့ သူတို့လည်း လိုက်မအော်တော့ဘူး။”
စစ်တပ်က ရွေးကောက်ပွဲပြီးဆုံးရေးအတွက် လုပ်နေပေမဲ့ လက်ရှိအခြေအနေအထိ မဲစာရင်း မှားယွင်းမှုတွေ ရှိနေပြီး မဲပေးမဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ မထုတ်ပြန်နိုင်သေးဘူးလို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တယောက်က ထောက်ပြ ပြောဆိုပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၄ သန်းရှိတယ်။ ၂၀၂၀ ကျတော့ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိတယ်။ အခု စစ်တပ်ကလုပ်မဲ့ ၂၀၂၅ မှာ ဆန္ဒမဲပေးမဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ အခုချိန်ထိ မသိရသလို မြေပြင်မှာလည်း မဲစာရင်းတွေက မှားနေတုန်းပဲ။ ဒီလိုပုံစံနဲ့ ရွေးကောက်ပွဲ ဘယ်လိုကျင်းပမလဲဆိုတာ စဥ်စားရခက်တယ်။”
စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းလာကြည့်ဖို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ပထမအကြိမ်၊ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ဒုတိယအကြိမ် ကပ်ခဲ့ပြီး ပြည်သူတွေ လာမကြည့်တဲ့ နောက်ဆုံးအခြေအနေမှာ မဲပေးရမဲ့နေ့အထိ စာရင်းတွေကပ်ထားမယ့်လို့ ကြေညာတာပါ။
လာမဲ့ရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ၊ ကိုယ်စားလှယ် ၅,၀၀၀ ကျော် ဝင်ပြိုင်သွားမှာဖြစ်ပြီး အဲဒီထဲက ကိုယ်စားလှယ် ၁,၀၀၀ ကျော်က ကြံ့ခိုင်ရေးနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ ဖြစ်ပါတယ်။
စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်တွင်းမှာ နေထိုင်သူတွေနဲ့ နိုင်ငံတကာက ကန့်ကွက်နေသလို တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


