Home
ဆောင်းပါး
ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကြ
DVB
·
December 22, 2025

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖမ်းဆီးထောင်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ၅ နှစ်သက်တမ်းပြည့်လာတဲ့အခါ အာဏာဆက်လက်တည်မြဲရေးအတွက် မိမိစိတ်တိုင်းကျ ရွေးကောက်ပွဲကို စီစဥ်လာပါတယ်။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရွေးချယ်ခဲ့ပေမဲ့ ထောင်ချက်ဖြစ်ကြောင်းသိနေတဲ့ ပြည်သူလူထုကလည်း မြန်မာနိုင်ငံတဝန်း နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတာပါ။

အာဏာသိမ်းစစ်တပ်က နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် လူပေါင်းထောင်ချီ သေဆုံးနေပြီး မြန်မာနိုင်ငံတဝန်း လုယက်သတ်ဖြတ်မှုတွေ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ စစ်ဘေးဒဏ်သင့်နေတဲ့ ပြည်သူတွေကို ငဲ့ညှာသနားတဲ့အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာလို့ စစ်ဘေးရှောင်ပြည်သူတယောက်က DVB ကို ပြောပါတယ်။

“အခု ရွေးကောက်ပွဲက စစ်တပ်အတွက် ထွက်ပေါက်ဖြစ်ပေမဲ့ ပြည်သူတွေအတွက်တော့ ထောင်ချက်ပဲ။ အားလုံးက လက်ခံလိုက်ရင် နောက် ၅ နှစ်စစ်တပ်ကို လူသတ်ခွင့် ထပ်ပေးလိုက်သလို ဖြစ်သွားမယ်။ ဒါကိုမဖြစ်မနေ ဝိုင်းပြီးကန့်ကွက်မှရမယ်။ မင်းတို့ မဲမပေးလည်း ရွေးကောက်က ပွဲပြီးသွားမှာပဲလို့ ပြောလိမ့်မယ်။ လူတိုင်း မဲမပေးရင် နိုင်ငံတကာက မဲရလဒ်ကိုကြည့်ပြီး ပြည်သူတွေက ရွေးကောက်ပွဲကို မထောက်ခံဘူးဆိုတာ သိသွားလိမ့်မယ်။ ကျနော်တို့အားလုံး အာဏာသိမ်းဖို့လှုံ့ဆော်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ပေါင်းပြီးလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ ဆန့်ကျင်ရမယ်၊ မဲမပေးဘဲ နေရမယ်။” 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတွေနဲ့ အမေစုကို ချစ်ခင်မြတ်နိုးသူတွေက စစ်အုပ်စုက ပြုလုပ်မဲ့ ရွေး ကောက်ပွဲကို မဲမပေးခြင်းဖြင့် ကိုယ်တတ်နိုင်တဲ့ဘက်က ဆန့်ကျင်သွားမယ်လို့ NLD ပါတီဝင်အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။

“အခု ရွေးကောက်ပွဲမှာသာ NLD ပါတီပါခဲ့ရင် ကျမက အမေစု ကိုပဲ မဲပေးမှာလို့ ရင်ကော့ခေါင်းမော့ပြီးပြောမှာ။ စစ်တပ်က အာဏာသိမ်းပြီး သူတို့စိတ်တိုင်းကျစီစဥ်တဲ့ ရွေးကောက်ပွဲကို ကျမအနေနဲ့ မထောက်ခံသလို မဲပေးမှာလည်းမဟုတ်ဘူး။ အများက မိုးခါးရေသောက်သလို ကျမ မသောက်နိူင်ဘူး။ စကားတခုရှိတယ် ကိုယ်ပေးလိုက်တဲ့ မဲတပြားက ကိုယ့်ကိုပြန်ပစ်သတ်မဲ့ ကျည်ဆန်တထောင့် မဖြစ်စေနဲ့တဲ့။ ဒါကြောင့် ကျမကတော့ စစ်တပ်ကို လူသတ်ခွင့် ထပ်မပေးဘူး။” 

စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ မိမိအာဏာတည်မြဲရေးအတွက် စစ်ခေါင်းဆောင်ကိုယ်တိုင် ကြိုတင်အကွက်ချစီစဥ်ထားတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတယောက်က ဝေဖန်ပြောဆိုပါတယ်။

“ရွေးကောက်ပွဲလုပ်ဖို့ တာဝန်ပေးတဲ့သူက အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်။ ဦးဆောင်မဲ့သူက စစ်ဗိုလ်ချုပ်၊ ဝင်ပြိုင်မဲ့သူအများစုကို ကြည့်တော့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ။ အရပ်ဘက်မှာဆိုလည်း ဝန်ကြီးချုပ်နဲ့ စစ်တပ်ကဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီက အများစုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်တပ်က အာဏာတည်မြဲရေးအတွက် ကြိုတင် စီစဥ်ထားတဲ့ ရွေးကောက်ပွဲဆိုတာ သိသာထင်ရှားနေတာပဲ။ စစ်တပ်က ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ်သွားချင်တဲ့စိတ်ရှိရင် အမေစုနဲ့ NLD ပါတီဝင်တွေကို ပြန်လွှတ်ပေးပြီး ဝင်ပြိုင် ခိုင်းလိုက်၊ အဲ့ဒါမှ ပြည်သူ့ဆန္ဒအမှန်ကိုသိပြီး လွတ်လပ်ပြီး တရားမျှတရွေးကောက်ပွဲဖြစ်မှာ။” 

စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သန်းစိုးဟာ ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့ ပါတီ ၅၇ ပါတီရှိတဲ့အနက် တပ်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေး၊ တစညပါတီတို့ကို ဦးစားပေးပြီး ကျန်ပါတီက ကိုယ်စားလှယ်တွေကို ကန့်သတ်ချက်တွေရှိတယ်လို့ နိုင်ငံရေးပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

“မဲဆွယ်စည်းရုံးရင် တပ်မကောင်းကြောင်း ပြောလို့မရဘူး။ ၈၈ က အာဏာသိမ်းတဲ့အကြောင်း ထည့်ပြောလို့ မရဘူး။ လွတ်လပ်စွာစည်းရုံးပိုင်ခွင့် မရှိဘူး။ နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်တွေကို ကော်မရှင်က တနည်းနည်းနဲ့ ဖြုတ်ပစ်တယ်။ သာဓကအနေနဲ့ပြောပြရရင် ဒေါ်သက်သက်ခိုင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင် ဖြုတ်ပစ်တဲ့ကိစ္စတွေ ကြည့်ရင် သိနိုင်တယ်။ ပြောရရင် အတိုက်အခံပါတီတွေကို မထားချင်တာ။”

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ စစ်ကောင်စီက အသံကောင်းဟစ်နေပေမဲ့ ရွေးကောက်ပွဲကို ဝေဖန်ခဲ့သူတွေကို အမှုဖွင့်လှစ်ထားတာ အမှုပေါင်း ၁၄၀ နဲ့ ဖမ်းဆီးခံထားရသူ ၂၂၉ ယောက်ရှိပြီး အဲဒီမှာ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ထဲက လူ ၂၀ နီးပါးကို ထောင်ဒဏ် ၇ နှစ်ကနေ ထောင်ဒဏ် ၄၉ နှစ်အထိ အမိန့်ချထားပြီး ကျန်တဲ့သူတွေကို စစ်ကောင်စီက ဆက်လက်စစ်ဆေးနေ ပါတယ်။

တရားလွှတ်တော်ရှေ့နေတယောက်က “လူသတ်မှု၊ လုယက်မှုတွေကိုသာ စစ်တပ်က မဖမ်းနိုင်တာ၊ ရွေးကောက်ပွဲကို ဝေဖန်တာနဲ့ မရမက ဖမ်းတာ။ ပြစ်ဒဏ်ဆိုတွေလည်း နိုင်ငံတော်ကို ပုန်ကန်တဲ့သူလို အမိန့်ချတာ။ ပြောရရင် ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီလိုဖြစ်မယ်ဆိုတာ ပြချင်လို့၊ နိုင်ငံရေးကို သတ်ချင်လို့ ဒီလိုလုပ်တာ” လို့ ရှင်းပြပါတယ်။ 

နိုင်ငံအတွင်း တည်ငြိမ်မှုမရှိတာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကို ပထမပိုင်း ၁၀၂ မြို့နယ်၊ ဒုတိယပိုင်း မြို့နယ် ၁၀၀၊ တတိယပိုင်း ၇၂ မြို့နယ် အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်နေရပြီး ကျန် ၅၆ မြို့နယ်ကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ စစ်ကောင်စီက စီစဥ်နေရပါတယ်။

မဲပေးခြင်း၊ မပေးခြင်းက နိုင်ငံသားတွေရဲ့ ဆန္ဒလို့ စစ်ခေါင်းဆောင်က ပြောပေမဲ့ ဒုစစ်ခေါင်းဆောင်ကတော့ လူတိုင်း မဖြစ်မနေ မဲပေးဖို့နဲ့ တပ်ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးဖို့ ဒီဇင်ဘာလ ၁၇ ရက်က ပူတာအိုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောခဲ့တာကြည့်ခြင်းဖြင့် စစ်တပ်က နိုင်ငံရေးက မထွက်သေးဘူးဆိုတာ သိသာပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကိုယ်စားလှယ် ၅,၀၀၀ နီးပါးဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ကိုယ်စားလှယ် ၂,၀၀၀ ကျော်ဟာ စစ်တပ်က အငြိမ်းစားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲကို မြန်မာနိုင်ငံတဝန်းက ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အတုအယောင်ရွေးကောက်ပွဲ ဆိုပြီး ဆန့်ကျင်ကန့်ကွက်နေကြတာပါ။

အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းကတည်းက စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လူငယ်တယောက်က “စစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဆို ထွက်ပေါက် မဟုတ်ဘူးနော်။ ထောင်ချောက်၊ စစ်တပ်ကို လူသတ်ခွင့် ထပ်မပေးနဲ့၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြ” လို့ တောင်းဆိုပါတယ်။

မြင့်မြတ်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013