
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတပြီး တရားဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်အုပ်တပ်ရဲ့ ရွေးကောက်ပွဲက စစ်အုပ်ချုပ်ရေးကို ခိုင်မာစေဖို့ လုပ်ဆောင်တဲ့ 'မျက်နှာဖုံး' တခုသာဖြစ်တဲ့အကြောင်းလည်း တွမ်အန်ဒရူးစ်က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်တဲ ကြေညာချက်ထဲမှာ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ၊ ဖယ်ထုတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာအနေနဲ့ အဆိုပါရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ကြဖို့လည်း တိုက်တွန်းလိုက်တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအဆင့် မဲပေးမှုတွေက ပြည်သူ့ဆန္ဒကို ထင်ဟပ်စေဖို့ မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် လုပ်ဆောင်ဖို့ စစ်အုပ်စုက စီ စဉ်ထားတဲ့ “လှည့်စားမှု” တခုသာဖြစ်ကြောင်းလည်း တွမ်အန်ဒရူးစ်က ဆိုပါတယ်။
“ဘယ်လိုပဲ တိုင်းတာကြည့်ကြည့် ဒါဟာ လွတ်လပ်၊ တရားမျှတပြီး တရားဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ နိုင်ငံတကာကို လှည့်စားဖို့အတွက် မြန်မာပြည်သူတွေအပေါ် အကြီးအကျယ် ဖိအားပေးပြီး ကပြနေတဲ့ ပြဇာတ်တစ်ခုသာ ဖြစ်ပါတယ်။”
ဒါကြောင့်မို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ဖို့၊ စစ်ကောင်စီကို အထီးကျန်အောင် လုပ်ဆောင်ဖို့နဲ့ ကျန်ရှိနေတဲ့ ဒုတိယနဲ့ တတိယအဆင့် မဲပေးမှုတွေကို ဖျက်သိမ်းနိုင်ရေး စစ်ခေါင်းဆောင်တွေကို ဖိအားပေးကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေနဲ့သာ ဆိုင်တာဖြစ်ပြီး ပြည်သူတွေကို ဖမ်းဆီး၊ နှုတ်ပိတ်၊ ခြိမ်းခြောက်နေသူတွေနဲ့ မဆိုင်ဘူးဆိုတာကို နိုင်ငံတကာက ရှင်းရှင်း လင်းလင်း ပြသသင့်ပါတယ်”
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာ ဒီရွေးကောက်ပွဲက မဲပေးသူ အလွန်နည်းပါးခဲ့ကြောင်း ထောက်ပြထားသလို ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရပြီး ဝင်ရောက်ယှဉ်ပြိုင် ခွင့် ပိတ်ပင်ခံထားရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာ သိမ်းကတည်းက ဖမ်းဆီးခံထားရပြီး လက်ရှိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရ သေးဘူးလို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ထောင်ထဲမှာ ရှိနေပြီး အတိုက်အခံပါတီတွေ ဖျက်သိမ်းခံထားရကာ သတင်းသမားတွေကို နှုတ်ပိတ်ထားတဲ့ အခြေအနေမျိုးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မရှိနိုင်ပါဘူး”
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း အခုလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပခြင်းက မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ကြိုတင်သတိပေးထားပါတယ်။


