
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲစာရင်းမှားယွင်းမှုတွေ၊ မဲပေးစက်ပြဿနာ ကြိုတင်မဲပြဿနာနဲ့ နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ရှိခဲ့ပြီးနောက် ကျန်နေသေးတဲ့ ရွေးကောက်ပွဲတွေမှာ အကောင်းဆုံးလုပ်ပေးမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က နိုင်ငံရေးပါတီတွေကို ပြောလိုက်ပါတယ်။
UEC ဥက္ကဋ္ဌ ဦးသန်းစိုးက နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ ဇန်နဝါရီ ၅ ရက်က တွေ့ဆုံချိန် ပြောဆိုခဲ့တာလို့ အဲဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ပါတီတွေက သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြကြတယ်။ တင်ပြကြတော့ နောက်လာမဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ ကို အပိုင်း ၁ ထက် အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ အခုက မဲပေးတဲ့ စက်ကိစ္စတွေလည်း အခက်အခဲ ရှိတယ်။ ဒါကြောင့် နောက်ပိုင်းတွေမှာ အကောင်းဆုံးလုပ်မယ်လို့ ပြောပါတယ်။ အခုက PR မှာလည်း မဲအများဆုံးရတဲ့သူကပဲ ရမဲ့ အနေအထား ဖြစ်နေတယ်။ အခု ကြုံနေရတာတွေထဲမှာတော့ မဲစာရင်းမပါတဲ့ ပြဿနာ၊ ကြိုတင် မဲပြဿနာတွေကို ပြောခဲ့ကြတာပေါ့။ ကော်မရှင်နဲ့ တွေ့တဲ့အခါမှာလည်း ပြောတယ်။ နောက်တခုက တဖက်စောင်းနင်း အနိုင်ရရင် တပါတီတည်း လွှမ်းမိုးတာမျိုး မဖြစ်ချင်ဘူး ဆိုတာကို စာလည်း ပို့ထားခဲ့တယ်။ တပ်ချုပ်ကို ပေးခဲ့တာ။ တပါတီ လွှမ်းမိုးတဲ့ လွှတ်တော်ဟာ အန္တရာယ်ရှိတယ် ဆိုတာမျိုးလည်း တင်ပြခဲ့တယ်။”
အဲဒီတွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၄၇ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြိုင်ဘက်ပါတီတွေနဲ့ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို စော်ကားပုတ်ခတ် ပြောဆိုစည်းရုံရင် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်တယ်၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှု မြောက်နိုင်သလို ကျင့်ဝတ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်အဖြစ် မှတ်ယူမယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲအပိုင်း ၁ ဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အကြောင်းနဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ တို့ကို ဆက်လက်ကျင်းပဖို့ လုပ်နေတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


