Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီရရှိသည့် ကြိုတင်မဲက အခြားပါတီအားလုံးပေါင်းရသည့် ကြိုတင်မဲထက် ပိုများနေ
DVB
·
January 6, 2026

စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ တခြားပါတီကိုယ်စားလှယ်လောင်းတွေရဲ့ တဦးချင်း ကြိုတင်မဲ အရေအတွက်ထက် သာလွန်နေပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကြိုတင်မဲအရေအတွက်က ခိုင်လုံမဲ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းရှိတယ်လို့  Data for Myanmar ကနေ သိရပါတယ်။

စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်တဲ့ ၈၁ မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးချင်း ဆန္ဒမဲရရှိမှု အချက်အလက်တွေကို အခြေခံပြီး ကြိုတင်မဲရရှိမှု အခြေအနေတွေကို လေ့လာထားတာလို့  Data for Myanmar က ထုတ်ပြန်ပါတယ်။

၈၁  မြို့နယ်လုံးမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တခြားပါတီ ကိုယ်စားလှယ်လောင်းတွေထက် တဦးချင်း ကြိုတင်မဲရရှိမှုမှာ သာလွန်နေတာ၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းရရှိတဲ့ ကြိုတင်မဲ အရေအတွက်နဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတွေ အားလုံးပေါင်းတဲ့ ကြိုတင်မဲအရေအတွက် ၂ ခု ထပ်ပြီး နှိုင်းယှဉ်မယ် ဆိုရင်တောင် မာန်အောင်မြို့နယ်ကလွဲလို့ ကျန်တဲ့ မြို့နယ် ၈၀ မှာ သာလွန်တာ သိရပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၈၁ ယောက် ရရှိတဲ့ ကြိုတင်မဲ စုစုပေါင်းက ၃၄၂,၆၄၂ မဲ ရရှိထားပြီး စုစုပေါင်း ခိုင်လုံမဲက ၂,၀၅၈,၈၀၈ မဲ ဖြစ်လို့ ကြံ့ခိုင်ရေးပါတီ ရတဲ့ ခိုင်လုံမဲစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းက ကြိုတင်မဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းကတည်းက ၈၁ မြို့နယ်မှာ တခြားပါတီတွေနဲ့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆၂ ယောက် ရရှိတဲ့ ကြိုတင်မဲ စုစုပေါင်းက  ၉၄,၆၆၆ မဲ ဖြစ်ပြီး သူတို့အားလုံး စုစုပေါင်းရရှိတဲ့ ခိုင်လုံမဲက  ၂,၄၇၃,၀၆၁  မဲ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေနဲ့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးရဲ့ ကြိုတင်မဲရရှိမှုကတော့ ၄ ရာခိုင်နှုန်းသာ ဖြစ်တယ်လို့ Data For Myanmar က ဖော်ပြပါတယ်။

ထူးခြားတဲ့ မြို့နယ်တွေအနေနဲ့လည်း ကျောက်ဖြူမြို့နယ်မှာကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ရရှိတဲ့ ခိုင်လုံမဲ ၆,၃၅၅ မဲ ရဲ့ ၃,၀၂၄ မဲက ကြိုတင်မဲရာခိုင်နှုန်းအားဖြင့် ၄၇ ရာခိုင်နှုန်း၊  သံတောင်ကြီးမြို့နယ်မှာ ခိုင်လုံမဲ ၂,၀၀၁ မဲ အနက် ကြိုတင်မဲ က ၁,၆၆၁ မဲရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်း၊ ဘောလခဲမြို့နယ်မှာ ခိုင်လုံမဲ ၁,၅၆၉ မဲအနက် ကြိုတင်မဲ ၁,၂၃၆ မဲ ရာခိုင်နှုန်းအားဖြင့် ၇၉ ရာခိုင်နှုန်းနဲ့ ဟားခါးမြို့နယ်မှာ ခိုင်လုံမဲ ၂,၀၀၇ မဲ အနက် ကြိုတင်မဲ ၁,၀၄၀ မဲ  ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

တခြားပါတီ ကိုယ်စားလှယ်လောင်းက မဲရုံမဲအရ အနိုင်ရခဲ့ပေမဲ့ ကြိုတင်မဲအရေအတွက်မှာ မယှဉ်နိုင်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့ ကျောက်ဖြူမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဘားအံမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ မြိတ်မြို့နယ်တွေ ဖြစ်ကြောင်းလည်း Data For Myanmar က ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းရဲ့ ကြိုတင်မဲ ကောက်ယူတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် ဦးကိုကိုကြီး ရဲ့ ပြည်သူ့ပါတီ အပါအဝင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူပါတီ) နဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ဆီကို စာပို့ အကြောင်းကြားထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ တနိုင်ငံလုံး မဲပေးသူ လူဦးရေ ၆ သန်းကျော် ရှိကာ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013