Home
မြန်မာသတင်း
ပြိုင်ဘက်ပါတီကို ပုတ်ခတ်မဲဆွယ်ပါက ပြစ်မှုမြောက်ဟု UEC ဥက္ကဋ္ဌ ခြိမ်းခြောက်
DVB
·
January 6, 2026

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြိုင်ဘက်ပါတီကို စော်ကားပုတ်ခတ်ပြီး မဲဆွယ်စည်းရုံးပါက ဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေကို စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက  ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။  

UEC ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် သန်းစိုးက “မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ရာမှာ စည်းကမ်းနဲ့အညီ စနစ်တကျ ဆောင်ရွက်ကြဖို့ လိုအပ်ပြီး ပြိုင်ဘက်ပါတီတွေ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေကို စော်ကားပုတ်ခတ် ပြောဆိုစည်းရုံးပါက ဥပဒေအရ ပြစ်မှုမြောက်ပြီး ဥပဒေကြောင်းအရ အရေးယူမယ်ဆိုပါက ပါတီပုံရိပ်ကိုလည်း ထိခိုက်မှာဖြစ်တယ်”လို့ ပြောဆိုခဲ့တာပါ။ 

အငြိမ်းစားဗိုလ်ချုပ်သန်းစိုး ပြောတဲ့ ပြိုင်ဘက်ပါတီ ဆိုတာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို ရည်ညွှန်းတာ ဖြစ်တယ်လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“UEC ဥက္ကဋ္ဌ ကိုယ်တိုင်က စစ်တပ်ကလာတဲ့သူဆိုတော့ သူ ပြောတာရှင်းတယ်။ စစ်တပ် ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးကို မင်းတို့ ပုတ်ခတ်ပြီး မဲဆွယ်မစည်းရုံးနဲ့ စည်းရုံးရင် ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရမယ် ဥပဒေအရ အရေးယူခံရယ် ဒါကိုပြောချင်တာ တိုက်ရိုက်ပြောရင် မကောင်းလို့ သွယ်ဝိုက်ပြီးပြောတာ။”

ကြံ့ခိုင်ရေးပါတီကို ပုတ်ခတ်တာ၊ မဲဆွယ်တာမလုပ်ဖို့ UEC က ပြောနေပေမဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်လောင်းတွေကတော့  NLD ပါတီကို ပုတ်ခတ်ပြောဆို မဲဆွယ်တာတွေ ပြုလုပ်ခဲ့ပါတယ်။  

ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲပထမပိုင်းမှာ ကြိုတင်မဲကိစ္စ အငြင်းပွားစရာဖြစ်ခဲ့ပေမဲ့ စစ်တပ်သြဇာခံ UEC ဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲပထမပိုင်းက ပွင့်လင်းမြင်သာမှုရှိတယ်လို့ မနေ့က အစည်းအဝေးမှာ ပြောပါတယ်။

ကြိုတင်မဲကိစ္စ အငြင်းပွားစရာတွေ ဖြစ်တဲ့အတွက် ပြည်သူ့ပါတီ၊ ကျားဖြူပါတီ၊ တစညပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေက တိုင်ကြားခဲ့ပေမဲ့ UEC က တာဝန်ယူ ဖြေရှင်းပေးတာမရှိဘူးလို့ ပဲခူးတိုင်းမှာ ဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“တချို့နေရာတွေ ကြံ့ခိုင်ရေးရော စစ်တပ်ရော မနိုင်ဘူး။ ဘာနဲ့သွားနိုင်လဲဆိုတော့ ကြိုတင်မဲနဲ့ နိုင်တာ။ ကြိုတင်မဲစာရင်းကောက်တဲ့အချိန်မှာ ကျနော်တို့ မပါဘူး။ ကြံ့ခိုင်ရေးနဲ့ အုပ်ချုပ်ရေးပဲ ပါတယ်။ ဒါကို ပါတီတွေရော တသီးပုဂ္ဂလကိုယ်စားလှယ်တွေရော တင်ပြတယ်။ ကော်မရှင်က လက်မခံဘူး။”

ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်ခဲ့ရာ ပါတီ ၅၇ ပါတီက ဝင်ပြိုင်ခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်လုံးမှာ ၉၀ ရာခိုင်နှုန်း အနိုင်ရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013