
ကြိုတင်မဲကိစ္စ အငြင်းပွားစရာတွေက ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပတဲ့ မြို့နယ်တိုင်းလိုလိုမှာ ဖြစ်ခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ အလွန်အမင်း စိတ်ပျက်နေကြပြီး ပါတီဖျက်သိမ်းဖို့အထိ စိုင်းပြင်းနေကြတယ်လို့ စုံစမ်းသိရပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် မြို့နယ် ၁၀၂ မြို့နယ်မှာ လုပ်ခဲ့တာမှာ တရားဝင်မဲရလဒ်တွေ အပြည့်အစုံထွက်မလာသေးပေမဲ့ စစ်တပ်ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ၈၈ ရာခိုင်နှုန်းနီးပါး အနိုင်ရဖွယ်ရှိနေတာပါ။
မဲစာရင်း အကြီးအကျယ် မှားယွင်းမှုတွေ၊ နည်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေရှိခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကလွဲလို့ ကျန်တဲ့ ပါတီတွေဟာ ကြိုတင်မဲတွေနဲ့ ရှုံးခဲ့တာလို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။
နိုင်ငံရေးပါတီတခုရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီရွေးကောက်ပွဲက မမျှတဘူး၊ ကြံ့ခိုင်ရေးက အစိုးရလိုလို ဘာလိုလို။ ဦးခင်ရီ ဆိုရင် သူ့ကိုသူ သမ္မတစတိုင် ဖမ်းနေတာ။ လူတိုင်း မြင်တယ်။ အခု ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေစာရင်းကို ရွေးကော်က အမြန်ထုတ်ပြန်နေတယ်။ ကန့်ကွက်မှာ ကြောက်နေတယ်နဲ့ တူတယ်။ ဇန်နဝါရီ ၃ ရက်နေ့ထိ ရွေးကောက်ခံရတဲ့ စာရင်းထုတ်ပြန်ခဲ့တာမှာ ရွေးကောက်ပွဲလုပ်တဲ့ မြို့နယ် ၁၀၂ မြို့နယ်ထဲက ၉၆ မြို့နယ် ရှိပြီပေါ့ဗျာ။ ဆိုတော့ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ ကိုတော့ မျှတစေချင်လို့ တပ်ချုပ်ကို စာပို့ထားတယ်။ တကယ်လို့သာ ကျန်တဲ့ရွေးကောက်ပွဲတွေထဲက အပိုင်း ၂ အခြေအနေကလည်း အပိုင်း ၁ လိုပဲ ကြိုတင်မဲကိစ္စတွေ ပေါ်လာရင်တော့ ပါတီကို ရုပ်သိမ်းတာမျိုး လုပ်ဖို့ ရှိနေကြပြီ”လို့ ပြောပါတယ်။
စစ်တပ်က အခု ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို မြို့နယ် ပေါင်း ၁၀၀ မှာ ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။
ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကတော့ လက်ရှိ အခြေအနေမှာ သူတို့ပါတီအနေနဲ့ အားမရှိတော့တာကြောင့် စိတ်မပါတော့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ ပါတီအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီရော သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တွေကို စာတင်ထားတယ်လို့ ပြည်တွင်း မီဒီယာတွေကို ပြောပါတယ်။
ဦးစိုင်းအိုက်ပေါင်းက “အပိုင်း ၂ နဲ့ ၃ ကိုတော့ မျှမျှတတ လုပ်ပေးဖို့သင့်တာပေါ့။ အားကိုမရှိတော့ဘူး။ အပိုင်း ၂ နဲ့ အပိုင်း ၃ တော့ မျှော်လင့်ရတာပေါ့။ တပ်ချုပ်ဆီ စာရေး ထားတယ်။ တပ်ချုပ် ပြောတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဆိုပြီး အပိုင်း ၂ နဲ့ ၃ ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပုံစံဖြစ်အောင် လမ်းညွှန်ပေးပါလို့ မေတ္တာရပ်ခံပန် ကြားထားတာပေါ့နော်”လို့ပြောပါတယ်။
ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အချက်တွေ တွေ့ရတဲ့အတွက်ကြောင့် ဒီဇင်ဘာ ၂၇ ရက်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပုသိမ်မြို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တွေကို စာပေးပို့ အကြောင်းကြားခဲ့တယ်လို့လည်း အသုတ်မြို့၊ ရေကြည်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြည်တွင်းက VOM နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုထားပါသေးတယ်။
“ကြိုတင်မဲပုံးတွေကို မည်သည့်နံပါတ်ပါ ကြိုးတွေနဲ့ ခတ်ထားပါလဲ၊ lock နံပါတ်တွေ ရှိပါသလား” လို့ ဦးဆန်းဆင့်က မေးမြန်းတဲ့အခါ UEC က တာဝန်ရှိသူတွေက နံပါတ်တွေကို သူတို့ မှတ်တမ်းမတင်ထားဘူး၊ ဘယ်နံပါတ်ပါ၊ ဘာကြိုး ဆိုတာလည်း မသိပါဘူးလို့ ဖြေတယ်လို့ ဆိုပါတယ်။
“အမှန်က UEC အနေနဲ့ ဒီ lock နံပါတ်တွေ သိထားရမှာဖြစ်ပြီး lock နံပါတ်တွေ ဖွင့်တဲ့အခါမှာ နံပါတ်တွေ ပြောင်းလဲနေတယ်၊ ဖွင့်လို့မရဘူးဆိုရင် ဒီမဲပုံးသည် ဖွင့်ဖောက်ထားတယ်၊ ဒါမှမဟုတ် တခုခု ပျက်ကွက်နေပြီ ဆိုတဲ့ဟာ တွေ့သွားရမှာဖြစ်တဲ့အတွက် UEC ရဲ့ Duty & Function ဟာ ဥပဒေစည်းမျဉ်းနဲ့ ကိုက်ညီမှု မရှိဘူး”လို့ ဦးဆန်းဆင့်က ထောက်ပြထားပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တပ်မတော်ကလုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ နာမည်ပျက်မခံဘူးလို့ ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


