
အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ အပိုင်းလိုက်ရွေးကောက်ပွဲတွေထဲက ရွေးကောက်ပွဲအပိုင်း ၃ ကို ၂၀၂၆ ဇန်နဝါရီ ၂၅ မှာကျင်းပမယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ လုပ်မဲ့ မြို့နယ်စုစုပေါင်း ၆၃ မြို့နယ်ရှိပြီး အဲဒီအထဲမှာ သိပ်မကြာခင်ကမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) လက်ထဲက ပြန်ရထားတဲ့ ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါမြို့တို့ ပါဝင်သလို တိုက်ပွဲတွေဖြစ်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်မြေပြင်ဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့လည်း ပါဝင်ပါတယ်။ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးမဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာလကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီရက်ပိုင်းမှာ မြို့သိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောထားပါတယ်။
စစ်တပ်ကလုပ်မဲ့ အပိုင်းလိုက်ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၂၈ မှာ အပိုင်း ၁၊ ၂၀၂၆ ဇန်နဝါရီ ၁၁ မှာ အပိုင်း ၂ အနေနဲ့ လုပ်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံအတွက် ကောင်းကျိုးမရှိဘဲ စစ်တပ်က ထွက်ပေါက်ရှာတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


