
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်တပ်က အင်အားထပ်ဖြည့်နေပြီး ဒီးမော့ဆိုမှာလည်း မဲရုံတွေ ပြင်ဆင်နေပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပမှာဖြစ်တဲ့အတွက် လက်ရှိ စစ်တပ်က ဖရူဆိုမြို့က အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကို စစ်ယာဥ်တန်းတွေနဲ့ အင်အားထပ်ဖြည့်နေတာပါ။
ထပ်ရောက်လာတဲ့ စစ်ယာဥ်တန်းတွေ ဖရူဆို ရောက်နိုင်ဖို့အတွက် ခလရ ၁၀၂ တပ်ကနေ လက်နက်ကြီးတွေနဲ့ ဒီးမော့ဆို အနောက်ခြမ်းကို ဒီရက်ပိုင်း ဆက်တိုက်ပစ်နေတာတွေ ရှိနေပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“လက်နက်ကြီးက မနေ့က ၈ လုံးလောက်ပစ်တယ်၊ အဲဒီ ၁၀၂ ကနေ ပစ်တယ်လို့ ယူဆတယ်။ သူတို့ ယာဥ်တန်းဖြတ်ချင်လို့ Counter လာတာထင်တယ် ကျနော်ထင်တာ။ သူတို့ ၁၄ ဘက်မှာ အင်အားစုနေတယ်။ ၁၄ ဆိုတာ ၁၄ သင်တန်းကျောင်းဘက်မှာ၊ လက်ရှိအနေအထားကတော့ နှစ်ဖက်ကတော့ ငြိမ်နေတယ်။ ကင်းရှေ့တိုးရင်း နည်းနည်းပါးပါး ထိတွေ့မှုတော့ ရှိတာပေါ့။”
ပြီးခဲ့တဲ့နှစ်ထဲက အမှတ် ၁၄ ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ဖြည့်နေတာဖြစ်ပြီး အခုတော့ စစ်ယာဉ်တန်းတွေနဲ့ပါ လူအင်အား ထပ်ဖြည့်နေတာပါ။
ဖရူဆိုမြို့နယ်အတွင်းမှာ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအပြင် ခမရ ၅၃၁၊ ခမရ ၄၂၈ တပ်စခန်းတွေ ကျန်နေပါသေးတယ်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ လာမဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၂ လုပ်မှာဖြစ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ငွေတောင်ဆည်ဘက်ခြမ်းမှာ စစ်တပ်က နီးစပ်ရာ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေတာတွေ ရှိနေပြီး ပြန်သွားတဲ့သူတွေကို အပြင်ပြန်ပေးမထွက်ဘူးလို့ ဆိုပါတယ်။
ဒီးမော့ဆို ဒေသခံတယောက်က “အဲဒီမှာက ပြည်သူနည်းနည်းပါးပါး ရှိတယ်။ ငွေတောင်ဘက်မှာ ပြည်သူက ဘယ်လိုမျိုးလဲဆိုတော့ အပြင်ပြန်ထွက်ချင်တယ်။ ထွက်လို့မရတော့ဘူး၊ ဒါပေမဲ့ မဲမထည့်ချင်လည်း ထည့်တယ်။ အခု လူနည်းနည်းလေးနဲ့လည်း နိုင်ပြီလို့တော့ သူတို့ဟာသူတို့ ကြေညာနေတယ်၊ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ အခုအခြေအနေမျိုးမှာ ဘယ်သူမှ မထည့်လည်း
သူတို့ ဆက်နိုင်နေမှာပဲဆိုတော့ သူတို့ဟာသူတို့ အနိုင်ယူတာပဲ။ ဒါကြောင့်မို့ သတိထားပြီး နေရမှာက လက်နက်ကြီးတို့ လေယာဥ်တို့ အဲဒါကိုပဲ ပိုစိုးရိမ်နေကြတာ” လို့ ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ကတော့ စစ်ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ဒေသခံလူထုတွေအနေနဲ့ အသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်က ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက်က အနိုင်ရခဲ့ပြီး အပိုင်း ၃ ကိုတော့ ကရင်နီပြည်နယ်မှာ ကျင်းပမှာမဟုတ်ဘူးလို့ UEC က ထုတ်ပြန်ထားပါတယ်။
မောရစ်


