
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ရွာကို စစ်တပ်က ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီခန့်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သားအဖ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို နမခ စစ်တပ်အတွင်းကနေ လာရောက်ကြဲချသွားတာလို့လည်း သိရပါတယ်။
နဘတ်ရွာသားတယောက်က “ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လာပြီး ကြဲချသွားတာ။ ဗုံးသီးက ၂ လုံး ကြဲတာ၊ တလုံးက မပေါက်ကွဲသေးဘူးဗျ။ ပေါက်ကွဲတဲ့အလုံးက ဆေးရုံ တောင်ဘက်အိမ်ပေါ်ကို တည့်တည့်ကျတာ။ အသက် ၅၀ အရွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်။ အိမ်တလုံးလည်း ပျက်စီးတယ်။ သေဆုံးသူအမည်က ဦးအေးကိုတို့ သားအဖ ၂ ဦးလို့ပဲ သိထားရသေးတယ်” လို့ ပြောပါတယ်။
နဘတ်ရွာဟာ စစ်တပ် အထိုင်ချတဲ့ မြောင်မြို့နဲ့ ၆ မိုင်၊ ပရိမ္မရွာနဲ့ ၃ မိုင်၊ ကျောက်ရစ်ရွာနဲ့ တရွာကျော်မှာ တည်ရှိတယ်လို့လည်း သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “တိုက်ပွဲမဖြစ်ပါဘူး၊ အလကားနေရင်း သက်သက်ကို ကြဲချတာ။ ပစ်မှတ်တောင် ရေရေရာရာမရှိဘဲ ဗုံးသီးတောင် ထင်ရာမြင်ရာကို ကြဲချသွားတာ။ အဲရွာဆိုရင် သူတို့ အထိုင်စခန်းတွေအနီးမှာ ရှိတဲ့ရွာပဲ။ ဒါ ပြည်သူကို သတ်ဖြတ်တာ” လို့ ပြောပါတယ်။
မြောင်မြို့နယ်အတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားမှုတွေကို ဒီဇင်ဘာ ၁၇ ရက်မှာ တော်လှန်ရေးအင်အားစုတွေက မြောင်မြို့ပေါ်အထိ သွားရောက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။


