
အာဏာသိမ်းစစ်တပ်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေးဖိအားပေးတဲ့ နည်းလမ်းတခုအဖြစ် စနစ်တကျ အသုံးချနေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ပြုစုရေးသားတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအစီရင်ခံစာမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမှု ၈၈ မှုကို ကောက်ယူမှတ်တမ်းတင်ထားပြီး အဓိက ကျူးလွန်သူတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့တွေဖြစ်ကြောင်း ဆိုထားပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အမျိုးသမီး၊ မိန်းကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဂျဲန်ဒါ ကွဲပြားခြားနားသူများနဲ့ မသန်စွမ်းသူများက အဓိက ထိခိုက်ခံစားနေရပြီး မုဒိမ်းကျင့်မှု၊ အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ခြောက်လှန့်နှိပ်စက်မှုတွေ အပါအဝင် ပုံစံမျိုးစုံနဲ့ ကျူးလွန်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ တရားမျှတမှုရရှိဖို့ အခက်အခဲများနေပြီး ပြစ်ဒဏ်မပေးဘဲ လွတ်မြောက်နေမှုကြောင့် ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်အောက်မှာ တရားမျှတမှုရရှိဖို့ အလွန်ခက်ခဲနေဆဲဖြစ်ကြောင်း ထောက်ပြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးရေး၊ တာဝန်ယူ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရေးကို အမြန်ဆုံး ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။


