
နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ရန်ကုန် အင်းစိန်ထောင်က အကျဉ်းသား ၈၅၀ လွတ်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်က အကျဉ်းသား ၂၈၃ ယောက် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဲဒီလို ပြန်လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသားတွေ မပါသလောက်ပဲလို့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးမြို့ခံ နိုင်ငံရေးအသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “နိုင်/ကျဉ်း တယောက်မှကို မပါတာ။ တချို့ဆို ပြန်လွတ်မယ် အထင်နဲ့ မိသားစုဝင်တွေ တနေကုန် သွားစောင့်နေတာ။ မိုးသာချုပ်သွားတယ်၊ လွတ်မလာကြဘူး” လို့ ပြောပါတယ်။
အလားတူ ရန်ကုန်၊ အင်းစိန်ထောင်ကလည်း အကျဉ်းသား ၈၅၀ လွတ်ခဲ့ပေမဲ့ အများပြည်သူကြား လူသိများသူတွေထဲက သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ မော်ဒယ် နန်းမွေစံတို့သာ ပြန်လွတ်လာတာ တွေ့ရပါတယ်။
နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀၅(က) နဲ့ ပုဒ်မ ၁၂၄(က) တွေနဲ့ တရားစွဲပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ဦးရဲထွဋ်ဟာ ထောင်ထဲမှာ ၃ နှစ်ဝန်းကျင် နေထိုင်ခဲ့ရတာ ဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်က ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ဦးရဲထွဋ်ဟာ အဖမ်းမခံရမီက စစ်ခေါင်းဆောင်ကို ဝေဖန်တဲ့အရေးအသားတွေနဲ့ စစ်အာဏာသိမ်းမှုကို သရော်တဲ့အရေးအသားတွေကို သူအသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံရတာ ဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်ဆိုဘာ ၂၇ ရက်ည ပိုင်းမှာ ရန်ကုန်မြို့က နေအိမ်မှာ စစ်တပ်က ဝင်ဖမ်းခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ အစိုးရ အကြည်ညို ပျက်စေမှု ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ မစခင် ပြီးခဲ့တဲ့လအတွင်းက နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့သေးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ အထင်ကရပုဂ္ဂိုလ်တွေကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။
မနေ့က ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းက အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆,၁၃၄ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တာပါ။
ဒါ့အပြင် အဂတိမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ မူးယစ်မှု စတဲ့ ခြွင်းချက်ပုဒ်မ ၉ ခုမှအပ ကျန်ပုဒ်မတွေနဲ့ ကျခံနေရသူတွေကို ပြစ်ဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။


