
တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်မှ အကျဥ်းသား/သူ ၃၈ ယောက် လွတ်မြောက်လာပြီး နိုင်ငံရေး အကျဥ်းသား မပါဝင်ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားမပါဝင်ဘူးလို့ မြိတ်ထောင်မှာ ကျခံဖူးတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်တယောက်က ပြောပါတယ်။
“ထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ ပြစ်ဒဏ် အများကြီး ကျခံထားရတဲ့ နိုင်ကျဥ်းတွေရှိနေသေးတယ်။ အခုလွတ်တာကလည်း အရင်ကလိုပဲ လွတ်နီး ၆ လအောက် တခြားအမှုတွေကိုပဲ လွှတ်လိုက်တာ။ လူမြင်ကောင်းအောင် လျှောက်လွှတ်ပြနေလို့ အဲဒီလွတ်ငြိမ်းတွေအပေါ်မှာ ယုံကြည်မှုမရှိဘူး။”
စစ်ကောင်စီက မြန်မာတနိုင်ငံလုံးရှိ အကျဥ်းထောင်တွေမှ အကျဥ်းသား/သူ ၆၁၃၄ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး နိုင်ငံခြားသား အကျဥ်းသား/သူ ၅၂ ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းပေးကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။


