
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ် ဆုတောင်းနေကြစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ အမျိုးသမီး ၃ ပွင့် ဇင်မာကြည်အောင်နဲ့ သူတို့ရဲ့ လက်ကိုင်တုတ် အကျဉ်းသား နိုင်ဖြိုးဝေတို့ လူတစုက ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသူ ၁၅ ယောက်ကို တိုက်ပိတ်ကာ ထောင်ဝင်စာပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်ပေးဖို့ တောင်းဆိုတဲ့ အကျဉ်းသားတွေကိုလည်း လေးဘက်ထောက်ခိုင်းပြီး ရိုက်နှက်တာ၊ မိသားစုဝင်တွေပို့တဲ့ ဆေးဝါးတွေကို သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိတယ်ဆိုပြီး အကျဉ်းသားတွေကို တိုက်ပိတ်နှိပ်စက်တာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းကာ သတိလစ်မေ့မြောတဲ့အထိ နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒုထောင်ပိုင် ဟိန်းဇင်အောင်ဟာ ဒိုက်ဦးအကျဉ်းထောင်က အမျိုးသမီးဆောင်အတွင်း မကြာခဏ ဝင်ရောက်နေတဲ့အတွက် အကျဉ်းသားအရေး အကူအညီပေးတဲ့ အဖွဲ့တွေအနေနဲ့ အကျဉ်းထောင်က အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် များစွာစိုးရိမ်နေတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


