
ပဲခူးတိုင်းဒေသကြီးရှိ အကျဉ်းထောင် ၃ ခုက နိုင်ငံရေးအကျဉ်းသားတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ထောင်ထမင်းဟင်း မစားဘဲ ဆန္ဒပြခဲ့ကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ ပေါင်းတည်နဲ့ ပြည် အကျဉ်းထောင် ၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာပါ။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ထောင်ကကျွေးတဲ့ တနေ့တာထမင်းနဲ့ ဟင်းကို လုံးဝမယူဘဲ တန်းဖွင့်ပေးချိန်မှာလည်း အပြင်မထွက် အသံမထွက်ဘဲ နိုင်ငံရေးအကျဉ်းသားတွေက တိတ်ဆိတ်စွာ ကန့်ကွက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
ဒီနေ့လယ်ပိုင်းအထိတော့ ဆန္ဒပြနိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင် တာဝန်ရှိသူတွေက အကြမ်းဖက်ဖြိုခွင်းတာနဲ့ ရိုက်နှက်တာ မရှိသေးဘူးလို့ သိရပါတယ်။


