
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောင်အာဏာပိုင်တွေက ဆိုးရွားစွာ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဘက်က အသွင်ပြောင်းလာတဲ့ ဒုထောင်မှူး ဟိန်းဇင်အောင်က ဒီချိုးဖောက်မှုတွေကို ဦးဆောင်ကျူးလွန်နေတာလို့ ဆိုပါတယ်။
ထောင်တွင်းမှာ ရှာဖွေရေးဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆေးဝါး၊ စာအုပ်၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားသလို မိသားစုတွေ ပေးပို့တဲ့ စားစရာတွေကိုပါ မပြည့်မစုံ ပေးနေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ဆေးကုသမှု မလုံလောက်ကြောင်း တောင်းဆိုသူတွေကို ရိုက်နှက်နှိပ်စက်ပြီး တိုက်ထဲပို့တဲ့ ဖြစ်ရပ်တွေပါ ဖြစ်ပေါ်နေတယ်လို့ PPNM က ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


