နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Silver Spring မှာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်နေကြတဲ့ မြန်မာတွေအားလုံးပူးပေါင်းပါဝင်နေကြပြီး နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အာရုံစူးစိုက်မှုပိုရဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
Save Myanmar-USA အဖွဲ့မှ ဦးရင်အေး “ဒီနေ့ပွဲကနေ ကျနော်တို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုကြမှာကတော့ ကင်မ်လည်း ပြောသွားပါတယ်၊ Freedom for Her, Freedom for All နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးကို တခဲနက်တည်း တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမဲ့ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲက ဘယ်လိုမှ ကျနော်တို့ပြည်သူတွေ လက်ခံနိုင်စရာ အကြောင်းမရှိဘူးဆိုတာကို ကျနော်တို့ ထုတ်ဖော်ပြသတဲ့ပွဲ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် ၂ ခုနဲ့ ကျနော်တို့ လုပ်တာပါ”လို့ ပြောပါတယ်။
ခုရက်ပိုင်းအတွင်း နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းပေါ်မှာ တကမ္ဘာလုံးက ပြန်ပြီးအာရုံစိုက်လာဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လူသားဆန်စွာဆက်ဆံဖို့နဲ့ ပြန်လွှတ်ပေးရေးကို တိုက်တွန်း တောင်းဆိုဖို့၊ ကမ္ဘာတဝန်းက မြန်မာနွယ်ဖွား လူမှုအသိုက်အဝန်းအားလုံးရဲ့ စုပေါင်းလှုပ်ရှားမှု ပိုခိုင်မာလာစေဖို့၊ အစိုးရတွေ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအားလုံး လက်တွေ့ လုပ်ငန်းဖော်ဆောင်မှုတွေ လုပ်လာဖို့နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် တိုက်ပွဲကို အရှိန်မြှင့်တင်သွားဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ပြောဆိုထားပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက “ကျနော်တို့ကတော့ ဒီလိုမျိုး အပေးအယူလုပ်တဲ့ကိစ္စကို လုံးဝလက်မခံနိုင်ပါဘူး၊ ဘာလို့လဲဆို ဒီတခေါက်က ကျနော် ပြောခဲ့သလိုပဲ သူဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ထိန်းသိမ်းခံထားရတယ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့ ကျနော်တို့ရဲ့ မူဝါဒက ရှင်းပါတယ်၊ အားလုံး လွှတ်ရမယ်၊ အမြန်ဆုံးလွှတ်ရမယ်၊ ခြွင်းချက်မရှိ လွှတ်ရမယ်၊ ဘာခြွင်းချက်မှ ထားစရာမလိုဘူး။ ပြီးရင်ဒါဟာ အပေးအယူလုပ်ရမဲ့ ကိစ္စတခု မဟုတ်ဘူး၊ ဒါ ကျနော်တို့ရဲ့ မူဝါဒပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေကို စစ်ကောင်စီက ဓားစာခံသဖွယ် ဖမ်းဆီးခဲ့တာပါ။
NLD အစိုးရထိပ်တန်းခေါင်းဆောင်တွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်၊ ဘယ်လို နေထိုင်နေရပြီး ဘယ်လို ကျန်းမာရေးအခြေအနေတွေ ရှိနေတယ် ဆိုတာကိုတောင် မိသားစုတွေနဲ့ ရှေ့ နေတွေက သိခွင့်မရဘဲ စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့တာပါ။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးမြင့်ဦးက “အဓိကက ကျနော်တို့က ဆန္ဒပြတာရယ် ထောက်ပို့ပေးတာရယ် ၂ မျိုးပဲ ကျနော်တို့မှာ တတ်နိုင်တာရှိပါတယ်။ ကျနော်တို့ရဲ့ရင်ထဲက ခံစားချက်အရ ဒီနွေဦးတော်လှန်ရေးကို အောင်မြင်အောင် တိုက်သွားရမယ်လို့ ယုံကြည်တယ်၊ ရအောင်လည်း ကျနော်တို့ တိုက်မယ်။ တညီတညွတ်တည်းအားလုံး စုပေါင်းပြီးတော့ တိုက်သွားရင် နိုင်ကိုနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးက အပြီးအပြတ် နိုင်ရမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက်က မြန်မာပြည်တွင်းမှာရော ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနဲ့ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေမှာ မြန်မာ့အရေး ဆောင်ရွက်သူတွေက ကျင်းပခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြီး ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝန်းရံအားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ
















