
အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး သေဆုံးရတဲ့ အကြောင်းအရင်းမှာ ကျန်းမာရေးကြောင့်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာတွေဟာ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းတရားဖြစ်တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MWP) က ထုတ်ပြန်လိုက်ပါတယ်။
အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုအကြောင်းအရင်းတွေကြောင့် အဓိကသေဆုံးနေကြရလဲဆိုတဲ့ အစီရင်ခံစာတရပ်ကို MWP က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
MWP ဟာ ၆ လတာအချိန်ယူပြီး အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ သေဆုံးမှုတွေအပေါ် အခြေခံပြီး သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ သေဆုံးမှု မှတ်တမ်းတွေကို စိစစ်ကာ တိကျခိုင်မာတဲ့ သေဆုံးမှု အရေအတွက်တွေကို ကဏ္ဍခွဲပြီးတော့ သေဆုံးမှု အမျိုးအစားတွေကို ခွဲခြားခဲ့တာလို့ သိရပါတယ်။
MWP က ပြုစုရရှိတဲ့ မှတ်တမ်းတွေအရ အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ဒီဇင်ဘာ ၁၃ ရက်အထိ ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၁၃၉ ယောက် အသက်သေဆုံးခဲ့ရပါတယ်။
ထောင်တွင်းသေဆုံးမှုတွေထဲ အဖြစ်အများဆုံး ရောဂါတွေကတော့ နှလုံးရောဂါ၊ သွေးတိုးဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတို့ ဖြစ်သလို အသည်းနဲ့ ဆက်စပ်ရောဂါ၊ တီဘီရောဂါ၊ အစာအိမ်နဲ့ ဆက်စပ်ရောဂါ၊ စိတ်ကျရောဂါ အပါအဝင် အပြင်းဖျားဝေဒနာခံစားရရင်း သေဆုံးခဲ့ကြရတာတွေလည်း ရှိတယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင်အတွင်း ကျန်းမာရေးကြောင့် သေဆုံးရတာဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရတာလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
သေဆုံးရတဲ့ ရောဂါတွေဟာလည်း သက်သာပျောက်ကင်းဖို့ ပုံမှန်ဆေးထိုး၊ ဆေးသောက်ဖို့သာ လိုအပ်တဲ့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေသာ ဖြစ်ပေမယ့် ထောင်တွင်း ရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေ သောက်သုံးခွင့်မရတာတွေကြောင့် ရောဂါအခြေအနေတွေ ပိုဆိုးရွားပြီး သေဆုံးကြရတာဟာ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းတရားများ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တချို့နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြင်ပမိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကိုလည်း ထောင်အာဏာပိုင်တွေက အချိန်နဲ့တပြေးညီ အကျဉ်းသားတွေဆီ ပေးပို့ခြင်း မရှိတာကြောင့်လည်း ဆေးသောက်ချိန် နောက်ကျတာတွေ ရှိသလို၊ အကျဉ်းထောင်အတွင်း ကျွေးတဲ့ အစားအသောက်တွေကလည်း အာဟာရနည်းပါးတဲ့အတွက် ရောဂါဝေဒနာကို ခုခံနိုင်မှုအားနည်းတာတွေကြောင့်လည်း နောက်ဆုံး အသက်သေဆုံးခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို ပြင်ပဆေးရုံ သွားရောက်ကုသခွင့် တောင်းခံရာမှာလည်း ခွင့်ပြုချက်ကို အချိန်ကြာမြင့်မှ ပေးတာတွေကြောင့် အရေးပေါ်ဖြစ်ချိန်မှာ အချိန်မီ ဆေးကုသမှုမရလို့ သေဆုံးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
ဒီလို အခြေအနေတွေကြောင့် ကုလသမဂ္ဂအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty international)၊ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာတဲ့ Human Rights Watch နဲ့ Fortify Rights စတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို ပြိုင်တူအသံထွက်ပေးဖို့ လိုအပ်နေပြီလို့လည်း MWP က ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်အပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံရေးအရ ဖိအားပေးတာတွေ ပိုမိလုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုပေးကြဖို့ကို MWP က တောင်းဆိုခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားများအားလုံးအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဆေးဝါးနဲ့ အခြားလူမှုရေး အထောက်အပံ့တွေ လုပ်ဆောင်ပေးကြဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။


