
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကတည်းကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း စစ်တပ်က အမျိုးသမီး ၁,၉၈၆ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ပါတယ်။
အဲဒီလို အသတ်ခံရတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃၇၃ ယောက်နဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။
သေဆုံးသူ ၇၅ ရာခိုင်နှုန်းက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ လက်နက်ကြီးနဲ့ပစ်တာ၊ မီးရှို့သတ်တာ၊ သေနတ်နဲ့ပစ်သတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး သတ်ပစ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ထောင်ထဲမှာရတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် သေတဲ့သူတွေ ပါဝင်ပါတယ်။
အမျိုးသမီး သေဆုံးတဲ့စာရင်းမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး သေဆုံးသူ ၆၅၄ ယောက်ရှိပြီလို့ AAPP စာရင်းမှာ ဖော်ပြထားပြီး ဒါဟာ နာမည်နဲ့ အတည်ပြုထားနိုင်တဲ့ စာရင်းပဲဖြစ်ကာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။


