Home
မြန်မာသတင်း
စစ်တပ်ဖိအားပေးမှုကြောင့် အသက်အန္တရာယ်စိုးရိမ်သဖြင့် မဲသွား‌ပေးခဲ့ရဟု စစ်တွေ စစ်ရှောင်များ ပြော
DVB
·
December 29, 2025

စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်တပ်ရဲ့ ဖိအားပေး ပြောဆိုမှုတွေကြောင့် အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် မဲသွား‌ပေးရတာလို့ စစ်ရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၈ ရက်က စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁  ကို ကျင်းပခဲ့ပါတယ်။

စစ်တွေမြို့ရဲ့ လမ်းဆုံလမ်းခွတိုင်းမှာတော့ စစ်တပ်နဲ့ ရဲတွေက ‌ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလိုကနေ လက်နက်ကိုင်ပြီး လုံခြုံရေးတင်းကျပ်စွာချထားပြီး ရွေးကောက်ပွဲနေ့မှာလည်း မဲရုံတွေမှာပါ အလားတူ ထပ်တိုးလုံခြုံရေး တင်းကျပ်ချထားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာလည်း စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက စစ်ရှောင်စခန်းတွေကို သွားရောက်ပြီးတော့ “ငါတို့ပါတီကို မဲပေးရင် ရွာပြန်ရမယ်၊ ထောင်ကျနေသူတွေ လွှတ်ပေးမယ်” ဆိုကာ မက်လုံးပေး စည်းရုံးခဲ့တယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စစ်တွေမှာရှိတဲ့ ဒေသခံတွေ အပါအဝင် စစ်ရှောင်တွေက အသက်အန္တရာယ်ကို စိုးရိမ်ပြီး မဲကို မဖြစ်မနေ သွားပေးခဲ့ရတာလို့ အမည်မဖော်လိုတဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။

“မဲပေးဖို့ သွားကို သွားရတယ်၊ မသွားလို့လည်း မရဘူးလေ၊ ဦးလေးတို့က ဒုက္ခသည်တွေလေ။ မဲပေးဖို့အတွက် မဲနံပါတ် ကိုယ်တိုင်ပေးထားတာ၊ ရွေးကောက်မစခင်ကတည်းက မဲနံပါတ်၊ မိဘနာမည်၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်နံပါတ်ပါ တပါတည်း ပေးထားရတာပါ။ မဲစာရင်းမှာ နံပါတ်တွေနဲ့ တပါတည်း တပ်ပြီးသားပါ။ ဒါကြောင့် မဲမပေးရင်လည်း သူတို့စာရင်းမှာ ပေါ်နေမှာဆိုတော့ စိုးရိမ်ရတယ်လေ။ မဲမပေးဘူးဆိုရင် ဖမ်းဖို့၊ ဒုက္ခပေးဖို့ ဒါကြောင့် သွားပေးနေရတာပါ။ ဒုက္ခသည်စခန်းမှာ နေရတော့လေ၊ သူတို့မဲနိုင်ရင်တောင် ကိုယ်တွေဘဝက ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့က မဲနိုင်ရင် ရွာကိုပြန်ခွင့်ပေးမယ်ပြောပေမဲ့ တရွာလုံးက မီးရှို့ခံထားရတာလေ ရွာမှမရှိတာ။ အထက်ကြည့် ကောင်းကင်၊ အောက်ကြည့် မြေပြင်ပဲရှိနေတာ၊ ဘယ်လိုဘဝကို ရပ်တည်နိုင်မလဲတောင် မပြောပြတတ်တော့ဘူး။ ဒီမဲက သူတို့ ထိန်းချုပ်မှုအောက်မှာ နေနေရလို့ ကြောက်လို့ စိုးရိမ်လို့သာ ပေးလိုက်ရတာပါ၊ မျှော်လင့်ချက်တွေလည်း မရှိတော့ဘူး။”

အခုလို မလွှဲမရှောင်သာ ဒီ‌ရွေးကောက်ပွဲကို မဲပေးနေရပေမဲ့ စိတ်ပါဝင်စားမှုမရှိသလို ဒါက စစ်တပ်ကလုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့်မို့လို့ ရွေးကောက်ပွဲရလဒ်က သူတို့လိုချင်တဲ့ ရလဒ်ပဲ ဖြစ်လာမှာဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။

စစ်တွေမြို့ရှိ မဲရုံတွေကို စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားပြီး မဲရုံတိုင်းလိုလိုမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်လောက်က လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။

တချို့ဒေသခံတွေကျတော့ ဒီမဲပေးတာက ဘဝအတွက် ဘာတခုမှ ထူးခြားပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် တကူးတက မဲသွားပေးနေမှာမဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

ဒါပေမဲ့ စစ်တွေမြို့မှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီ (USDP) တို့ မဲအသာစီးရနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တွေဒေသခံတယောက်က “ကြံ့ခိုင်ရေးက နိုင်ပါမယ်၊ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေနဲ့ မွတ်ဆလင်တွေကိုလည်း ကြိုတင်မဲပေးခိုင်းထားတယ်လေ။ ဒါကြောင့် ကြံ့ခိုင်ရေးက နိုင်မဲ့ရာခိုင်နှုန်း များတာပါ။ ခုထက်ထိတော့ မဲအဖြေတော့ မသိရသေးပါဘူး။ မဲရုံက ၅၉ ရုံ ရှိတယ်လေ၊ မဲရုံ ၂ မှာတော့ ဒေါက်တာအေးမောင်တို့ နိုင်ပါတယ်။ ဦးဘရှိန်ပါတီတော့ စစ်တွေမှာ မဲသိပ်မရပါဘူး။ ‌ဒေါက်တာအေးမောင်နဲ့ ကြံ့ခိုင်ရေးက မဲအသာစီးရနေပေမဲ့ ကြံ့ခိုင်ရေးကတော့ ထိပ်ဆုံးကပေါ့” လို့ ပြောပါတယ်။

ရခိုင်မှာ စစ်တပ်ရွေးကောက်ပွဲကို ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) နဲ့ စစ်တပ်ရဲ့ ကြံ့ခိုင်ရေးပါတီ အပါအဝင် တခြားတိုင်းရင်းသား မျိုးနွယ်စု ပါတီငယ်တွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က စစ်တပ်ရွေးကောက်ပွဲ ကျင်းပတဲ့ မြို့နယ် ၃ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းနီးပါးရှိပြီး မဲရုံပေါင်း ၁၆၄ ခုနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဒီဇင်ဘာ ၂၆ ရက်က ပြောဆိုခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013