
တသီးပုဂ္ဂလကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေပြည်တော်က မဲဆန္ဒနယ်တွေမှာ တရားဝင်မဲရလဒ်တွေထွက်မလာသေးပေမဲ့ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကသာ အသာစီးရနေတယ်လို့ မဲရုံတချို့က သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တာမှာ နေပြည်တော် ၈ မြို့နယ်က မဲရုံတွေကို မနေ့ ညနေ ၄ နာရီမှာ ပိတ်ခဲ့တာဖြစ်ပြီး တချို့မဲရုံတွေကတော့ အစောပိတ်ခဲ့တာပါ။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၉ သိန်းလောက်ရှိတဲ့ နေပြည်တော်က မဲရုံအများစုမှာ မနက်ပိုင်းမှာသာ လူစုလူဝေးနဲ့ စီတန်းမဲပေးခဲ့ရတာဖြစ်ပြီး နေ့လယ်ပိုင်းကစလို့ မဲပေးသူ နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။
မဲပေးတဲ့နေ့ရက်အတွင်း နေပြည်တော်မှာ စစ်တပ်က လုံခြုံရေးအင်အားတွေ အပြည့်ချထားခဲ့သလို ထူးခြားတဲ့ ပေါက်ကွဲမှုတွေ တိုက်ခိုက်မှု ဖြစ်စဉ်မျိုးတွေ မရှိခဲ့ပါဘူး။
မဲရုံတွေနဲ့ အနီးတဝိုက် အပါအဝင် လမ်းဆုံလမ်းခွတွေနဲ့ အဓိကနေရာတွေမှာ CCTV တွေ၊ လှည့်ကင်းတွေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို ရွေးကောက်ပွဲ မပြုလုပ်ခင် ၃ ရက်လောက် အလိုတည်းက ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် ၈ မြို့နယ်လုံးက မဲရုံတွေအားလုံး ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မဲပေးသူအများစုက စစ်တပ်ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲပေးခဲ့ကြတာဖြစ်သလို ကြံ့ခိုင်ရေးကို မပေးချင်တဲ့အတွက် တခြားပါတီတွေကို ပေးခဲ့သူတွေလည်း ရှိပါတယ်။
ပုဗ္ဗသီရိမြို့နယ်အတွင်း နေထိုင်သူတယောက်က “တိုင်းရင်းသားပါတီကနဲ့ တူတယ်၊ ပေးခဲ့တာက။ ကြံ့ခိုင်ရေး မဟုတ်ရင် ပြီးရောဆိုပြီး ပေးခဲ့တာ။ သွားမပေးပြန်ရင်လည်း ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြောနေကြတာတွေရှိလို့ သွားပေးရတာ” လို့ ပြောပါတယ်။
နေပြည်တော်မှာ ကြံ့ခိုင်ရေးက အဓိက အင်အားကြီးပါတီအဖြစ် ယှဉ်ပြိုင်နေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) နဲ့ တခြား ပါတီသစ်တချို့လည်း ဝင်ရောက် ယှဉ်ပြိုင်နေကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


