
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ နေရာတွေမှာ ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့ ရွေးကောက်ပွဲလုပ်ခဲ့သလို တပြိုင်တည်းမှာပဲ ရွေးကောက်ပွဲနေ့မှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို စစ်ကိုင်းတိုင်းမှာ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကလေး၊ တမူး စတဲ့မြို့တွေ အပါအဝင် မြို့နယ် ၁၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
စစ်ကိုင်းနဲ့ မုံရွာမှာတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု နည်းပြီး စစ်တပ် ထောက်ခံသူတွေနဲ့ ဖိအားပေးခံရတဲ့ ပြည်သူတွေသာ မဲပေးကြတယ်လို့ သိရပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအားကောင်းတဲ့ မုံရွာ၊ ဘုတလင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ် တို့မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဟန်မင်းစိုးက “လက်ရှိ ရွှေဘိုမှာတော့ ဗုံးပေါက်ကွဲသွားတယ်လို့ သတင်းရထားတယ်။ ဘယ်နေရာမှာ ပေါက်ကွဲလဲ၊ ထိခိုက် ဘယ်လောက်လဲ မသိရသေးဘူး။ အရာတော်မှာလည်း စစ်တပ် နမခက ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်တာ ရှိတယ်။ ပါရာမော်တာနဲ့ တိုက်ခိုက်တာရှိတယ်။ ပြီးတော့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ မြို့ပတ်ချာလည်ကို ပစ်နေတာရှိတယ်။ နောက်တခုက ဘုတလင်မှာလည်း တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းထဲမှာလည်း စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ မကွေး၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်နဲ့ အောင်လံ စတဲ့ ၉ မြို့နယ်မှာ ပြုလုပ်နေပါတယ်။ မင်းဘူး၊ အောင်လံနဲ့ ပွင့်ဖြူမြို့နယ်ထဲက နေရာတချို့မှာ တိုက်ပွဲတွေလည်း ရှိနေပါတယ်။
အလားတူ မကွေးတိုင်းထဲက နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က မြေပြင်ထိုးစစ်တွေမှာ အင်အားချည့်နဲ့တာကြောင့် လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်ဆောင်လာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“မြေပြင်မှာတော့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်။ မကွေးတိုင်းမှာဖြစ်တဲ့ စစ်ဆင်ရေးမှ မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေကို ကြည့်လိုက်ရင် မြေပြင်ထိုးစစ်တွေမှာ ရန်သူက အရမ်းကြီး အားမကောင်းတော့တာ ကျနော်တို့ တွေ့ရတယ်။ သူတို့ အဓိက အသုံးပြုတာကတော့ လေကြောင်းကနေ စစ်ရေးအရ အရေးသာမှုရအောင် လုပ်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ဖိအားပဲပေးပေး၊ နိုင်ငံရေးအရပဲ ဖိအားပေးပေး ဘယ်လိုဖိအားပေးမှုမျိုးကိုမဆို မြန်မာနိုင်ငံသားတွေ အကုန်လုံးက ဒီရွေးကောက်ပွဲကိုလည်း လက်မခံဘူး။ စစ်အာဏာရှင်ကိုလည်း လက်မခံဘူးဆိုတာ ဒီအချက်အလက်တွေကနေ သက်သေပြနေပါတယ်။”
မကွေးတိုင်းထဲမှာတော့ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ်လို့ ကြေညာထားတဲ့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်မှာ တိုက်ပွဲတွေ ရှိနေတဲ့အတွက် ပြည်သူတွေ စစ်ရှောင်နေကြရပြီး စစ်တပ် ရွေးကောက်ပွဲကိုလည်း စိတ်မဝင်စားကြဘူးလို့ ဆိုပါတယ်။
ဆင်ဖြူကျွန်း ဒေသခံတယောက်က “ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ အခြေအနေကတော့ ဇီးရိုးပေါ့ဗျာ။ အသက်တောင် လုပြေးနေရတဲ့ အခြေအနေဆိုတော့ ရွေးကောက်ပွဲကို ဘာမှ စိတ်ဝင်စားမှု မရှိကြဘူးပေါ့ဗျာ။ မဲထည့်ဖို့ကိစ္စကိုလည်း တော်တော်များများက စိတ်မဝင်စားကြဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်နယ်မြေအနေအထားအရ တော်တော်ကြီးကို စိုးရိမ်ရတဲ့ အခြေအနေပေါ့” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့လုံးကျွတ်နီးပါး ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြပြီး အများစုက မကွေးနဲ့ မင်းဘူးမြို့တွေဆီ သွားရောက်ခိုလှုံ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မကွေးမြို့မှာ စစ်ဘေးရှောင်တွေ အများအပြား ဝင်ရောက်လာတာကြောင့်လည်း စစ်တပ်က မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေး တင်းကျပ်နေတယ်လို့ သိရပါတယ်။
ဇွဲသစ်


