
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပြုလုပ်နေချိန် တော်လှန်ရေးတပ်တွေက ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေပေမဲ့ ရွေးကောက်ပွဲကို ဆက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစလို့ ကသာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ မြို့အနီးဝန်းကျင်နေရာတွေကို လက်နက်ကြီးနဲ့ တဖက်သတ်ပစ်ခတ်နေတာကနေ ဒီနေ့မှာတော့ မနက်အစောပိုင်းကစလို့ တော်လှန်ရေးတပ်တွေ ဝင်တိုက်လို့ ခမရ ၃၀၉ တပ်ရင်းအနီး၊ ကသာမြို့အထွက်နေရာတွေမှာ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ကသာမြို့ဒေသခံတယောက်က “ကသာမြို့အထွက် ပတ္တမြားကုန်း မန္တလေး-ကသာလမ်းအထွက်၊ စေတီကုန်း၊ မိုးတားဘက်သွားတဲ့လမ်းကြောတွေမှာ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးတပ်တွေဘက်က ခဏနားသွားတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ပစ်နေတုန်းပဲ။ အခု ခမရ ၃၀၉ အနောက်ဘက် ကသာအောက်ဘက် ပြည်သာယာကြိုးတံတားဘက်မှာ တိုက်ပွဲထပ်ဖြစ်နေတယ်” လို့ DVB ကိုပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ကတည်းက စစ်ကောင်စီတပ်ဟာ တဖက်သတ် ပစ်ခတ်နေတာဖြစ်ပြီး ၁၃ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၆ ရက်နေ့တွေအထိ ပစ်ခတ်နေရာက ဒီဇင်ဘာ ၂၇ ရက်နေ့ ကသာမြို့ပြင်မှာ တိုက်ပွဲဖြစ်လာတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနေ့ညကလည်း တညလုံး လက်နက်ကြီးနဲ့ တဖက်သတ်ပစ်နေတာ။ ၂၈ ရက်နေ့ ဒီနေ့မနက် ရွေးကောက်ပွဲလုပ်တယ်လေ။ ရွေးကောက်ပွဲမှာ မဲတော့ထည့်ကြရတယ်။ မဲထည့်နေတဲ့အချိန်မှာ စစ်သားတွေက တန်းစီပြီးတော့ မြို့ပြင်ကို ထွက်တာတွေ၊ ဖြတ်သွားဖြတ်လာ ရှိနေတာ။ ရွေးကောက်ပွဲလုပ်နေတုန်းမှာပဲ ပစ်နေတုန်းပဲ။ အခုလည်း ပစ်နေတာ။ အရပ်သားတွေ ထိထားတာတွေလည်း ရှိနေတယ်။ မြို့အနီးက ၃၀၉ တပ်ရင်း ကြံတောနားတဝိုက်ပဲ” လို့ ပြောပါတယ်။
ကသာမြို့မှာတော့ စစ်ကောင်စီက အထက ၃၊ အထက ၁၊ ပညာရေးမှူးရုံး၊ ရပ်ကွက် ၃၊ ရပ်ကွက် ၈၊ ရပ်ကွက် ၇ နဲ့ မြို့တော်ခန်းမတွေမှာ မဲရုံထားရှိကာ ရွေးကောက်ပွဲလုပ်နေပြီး တော်လှန်ရေးတပ်တွေ ဝင်တိုက်နေပေမဲ့ ရွေးကောက်ပွဲ ဆက်လုပ်နေသလို မဲပေးသူဦးရေလည်း များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေဟာ ဒီနေ့မနက် ၃ နာရီလောက်မှာ ကသာမြို့အထွက်ဘက်ကနေ ဝင်တိုက်တာဖြစ်ပြီး အဲဒီနေရာတွေမှာ တိုက်ပွဲငြိမ်သွားပေမဲ့ နေ့လယ်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရင်းအနီး ကြံတောကျေးရွာဘက်မှာ အခုချိန်ထိ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၂ မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပနေပြီး အပိုင်း ၂ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၃ မြို့နယ်မှာ လုပ်မယ်လို့ ကြေညာထားသလို ကျင်းပမဲ့မြို့နယ်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်နေပါတယ်။


