ဒီဇင်ဘာ ၂၈ ရက်နေ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒေသခံတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အနေနဲ့ အပြင်မထွက်ဘဲ သပိတ်မှောက်နေကြတဲ့အတွက် မဲပေးသူ မရှိသလောက် နည်းပါးခဲ့ပြီး လမ်းမကြီးတွေနဲ့ လူစည်ကားရာ နေရာတွေမှာ တိတ်ဆိတ်ခြောက်ကပ်နေတာကို မြင်တွေ့ရပါတယ်။
ပုံမှန်အချိန်ဆိုရင် လူစည်ကားလေ့ရှိတဲ့ တနင်္ဂနွေနေ့ မနက်ခင်း ဈေးသွားဈေးလာအချိန်ကစလို့ ရွေးကောက်ပွဲ ကျင်းပဖို့ သတ်မှတ်ထားတဲ့ နေရာတွေအထိ လူသူသွားလာမှု မရှိသလောက် ဖြစ်နေတာလို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက သိရပါတယ်။
အာဏာရှင်မှန်သမျှ ကျဆုံးရေးအတွက် ၅ နှစ်အတွင်း အထွေထွေဖိနှိပ်မှုများကြားမှ တော်လှန်ရေးရဲ့ တောင်းဆိုမှုအရပ်ရပ်အပေါ် တာဝန်ကျေပွန်တဲ့ ကလေးမြို့ဒေသခံ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအပေါ် မှတ်တမ်းတင်ကြောင်းနဲ့ စစ်အုပ်စု အမြစ်ပြတ်ကျဆုံးရေး ဆက်လက် ညီညွတ်စွာ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။








