
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက်က မဲသွားပေးရင်း ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက်က မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်း မူလွန်ကျောင်းထဲမှာ မဲပေးနေစဥ် ဖုန်းလာလို့ ထုတ်ကိုင်တဲ့ အမျိုးသမီးနဲ့ အဖော်ဖြစ်သူကို မဲရုံဗီဒီယို ရိုက်ကူးတယ်လို့ စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးလိုက်တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"ကျေးရွာအုပ်ချုပ်ရေးမှူးက မဲပေးဖို့ လိုက်အော်နေလို့ အိမ်ကနေ အမြန်သွားပြီး မဲပေးတာ မဲရုံထဲ ဖုန်းပါသွားတယ်။ မဲရုံထဲရောက်တော့ ဖုန်းလာလို့ ထုတ်ကိုင်တာကို စစ်တပ်နဲ့ရဲက သူတို့ကို ဗီဒီယိုရိုက်တယ်ဆိုပြီး ဖမ်းတာ၊ အခု သထုံရဲစခန်းမှာ ရွေးကောက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်။”
ဖမ်းဆီးခံရသူအမျိုးသမီး ၂ ယောက်က မရမ်းကုန်းကျေးရွာနေ မခင်မိုးလှိုင်နဲ့ မခင်မာဝေတို့ဖြစ်ပြီး သထုံမြို့မရဲစခန်းက ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄(က) နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
"သာမန်ပြည်သူကတော့ မဲရုံထဲကို ဖုန်းမယူရဘူးဆိုတဲ့ သတ်မှတ်ချက်ကို သိမှမသိတာ။ မဲပေးရ မယ်ဆိုတာတောင် ဖိအားတွေကြောင့် ပေးရတာရှိတယ်။ ခွင့်လွှတ်လို့ရတဲ့ကိစ္စတွေကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်တာတော့ မကောင်းဘူးပေါ့။”
သထုံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၆ အုပ်စုနဲ့ ကျေးရွာပေါင်း ၁၇၅ ရွာရှိပြီး မဲရုံ စုစုပေါင်း ၈၀ ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၁၄၆,၆၂၂ ယောက် ရှိပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ မွန်ပြည်နယ် ၁၀ မြို့နယ်ထဲက မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံ မြို့နယ် ၅ မြို့နယ်မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


