
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၈ ရက်က ဝင်ရောက်တိုက်ခိုက်ပြီး နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ရာနဲ့ချီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မနက်ပိုင်းကစလို့ ဘုတလင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး မိုး ကိုယ်ပိုင်အထက်တန်းကျောင်းက စစ်ကောင်စီတပ်စခန်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နေရာ ၃ ခုကို သိမ်းပိုက်နိုင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာပါတဲ့ Snape Rangers Force (Local PDF) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့နေရာတွေကို သိမ်းထားပြီး ဘန်ကာ ၃ ခုပဲ ကျန်ခဲ့တယ်။ လောလောဆယ် တိုက်ပွဲမဖြစ်ပါဘူး။ လေကြောင်းအန္တရာယ်ကြောင့် မြို့ပြင်ကို တပ်ဆုတ်ထားပါတယ်။ လေကြောင်းက မြို့ထဲကို ဆက်တိုက်လိုကြဲနေလို့ မြို့ပြင်ကို ရှောင်ပေးလိုက်တာ၊ ပျက်စီးဆုံးရှုံးမှုနည်းအောင်ပါ” လို့ DVB ကို ပြောပါတယ်။
ဘုတလင်တိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိသလို စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိကာ လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ပြီး မနေ့က လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပရာနဲ့ ၆ ကြိမ်၊ ပါရာမော်တာနဲ့ ၈ ကြိမ်၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y 12 တစီးနဲ့ ၈ ကြိမ် တိုက်ခိုက်ခဲ့သလို ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ ဘုတလင်နဲ့ ဒီပဲယင်းနယ်စပ်ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဂျိုင်ရိုကော်ပရာနဲ့က တခေါက်ကြဲရင် ၂ လုံးကြဲတယ်။ ပါရာမော်တာကလည်း တခေါက် ၂ လုံးကြဲတယ်။ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိတာတော့ အသေးစိတ် မသိရသေးဘူး။ မြို့ထဲကိုဝင်တဲ့အချိန် ပွိုင့်တွေခွဲပြီးဝင်တာမို့ ပြန်စိစစ်ရဦးမှာပါ။ အရပ်သား ထိခိုက်သေဆုံးတာတော့ မရှိဘူး။ ဗုံးကြဲလို့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေတော့ ရှိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမှာတော့ ရွှေဘိုခရိုင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ဝင်းနိုင်ထွန်း (ခ) ငှက်ရိုး ကျဆုံးသွားတယ်လို့ သိရပါတယ်။


