
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူ ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ရှိသူ ကိုနဂါးလေးက “စစ်ကိုင်းမြို့ရဲ့မြောက်ဘက် ၂ မိုင်ခွဲလောက်ဝေးပြီးတော့ စစ်ကိုင်း-မုံရွာ ကားလမ်းနဲ့ အရမ်းကြီးမဝေးလှတဲ့ တအိမ်တည်းရွာထဲက လက်ဖက်ရည်ဆိုင်ပေါ်ကို ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲသွားလို့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကလည်း ၂ ယောက် ၃ ယောက်လောက် ရှိပါတယ်။ ရွာထဲက လက်ဖက်ရည်ဆိုင်ပေါ်ကို တည့်တည့်ကျလို့ အဲဒီလက်ဖက်ရည်ဆိုင်လည်း ပျက်စီးသွားသလို ဘေးအိမ်တွေလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ သေဆုံးသွားကြသူတွေဟာ အဆိုပါ တအိမ်တည်းကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၆၅ နှစ်အရွယ် ဦးလှဆောင်၊ အသက် ၄၂ နှစ်အရွယ် ကိုစိုးသူနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ကြပြီး ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တအိမ်တည်းရွာမှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ ပြည်သူကို ပစ်မှတ်ထားပြီးတော့ စစ်တပ်ဘက်က ဗုံးကြဲသွားတဲ့ ဒရုန်းဟာ ပန်ကာ ၆ လက်နဲ့ ဒရုန်းအကြီးစား ဖြစ်ပါတယ်။ စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ ရဲတပ်ရင်း ၁၆ ထဲကနေ လွှတ်တင်လိုက်တာလို့ သိရပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ တအိမ်တည်းကျေးရွာဟာ စစ်ကောင်စီတပ်ကပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာ ရပ်ကွက်/ကျေးရွာအုပ်စု ၁၁၀ ရှိတဲ့အနက် ရပ်ကွက်/ကျေးရွာအုပ်စု ၃၀ နီးပါးမှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာလည်း အဆိုပါ တအိမ်တည်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက် သေဆုံးခဲ့ကာ ဒေသခံ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။


