
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲပြီး ကလေးတယောက် သေဆုံးခဲ့သလို နောက်ထပ် ကလေး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဒီဇင်ဘာ ၂၀ ရက်က စစ်ကျန်ဗုံးသီးတလုံးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တယောက် သေဆုံးခဲ့သလို နောက်ထပ်ကလေး ၂ ယောက် လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၅ ရက်ကလည်း တောင်ကုတ်မြို့မှာ စစ်ကျန်လက်နက်ဟောင်းတခုကို ထုခွဲကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သက်ကြီးပိုင်းအမျိုးသားတယောက်နဲ့ လူငယ်အမျိုးသားတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ကျိန္တလီမြို့က စစ်ကျန်လက်နက် ပေါက်ကွဲပြီး သေဆုံးသွားသူမှာ မောင်သတ္တိ ဖြစ်ပြီး ဒဏ်ရာရရှိသွားသူကတော့ အသက် ၁၃ နှစ်အရွယ် မောင်အောင်သူစိုးနဲ့ မောင်လင်းဆက်(ခ) နေမျိုးအောင်တို့ဖြစ်ကြပါတယ်။
တောင်ကုတ်မြို့နယ်က စစ်ကျန်လက်နက် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၆၂ နှစ်အရွယ် ဦးညွန့်မောင်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုမောင်ဖြူချေ တို့ ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် သတိပေးမှုတွေ ပြုလုပ်နေကြပေမဲ့ ပြည်သူတွေ အသိပညာရရှိမှုဟာ အားနည်းချက်ရှိနေဆဲ ဖြစ်တယ်လို့ ရခိုင်က တက်ကြွလူငယ် တယောက်က ပါတယ်။
“ရခိုင်ပြည်ရဲ့ မြို့နယ်တိုင်းနီးပါးဟာ စစ်ဒဏ်ကို အလူးအလဲ ခံစားထားရတဲ့ မြို့နယ်တွေ ဖြစ်ကြတယ်။ မြို့နယ်တိုင်းဟာလည်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေကို နိစ္စဓူဝရင်ဆိုင်နေရတဲ့ အနေအထားမှာ ရှိတယ်။ AA ဘက်ကလည်း လုံးဝကင်းစင်အောင် မရှင်းနိုင်သေးဘူး။ ဒီလိုအချိန်မှာ အသိပညာပေးမှုတွေကို တတ်နိုင်သလောက် မြှင့်တင်ပြီး ပြုလုပ်နေတာတွေတော့ရှိတယ်။ ဒါပေမဲ့လည်း ပြည်သူတွေဆီကို အသိပညာရောက်ရှိမှုက အားနည်းနေဆဲလို့ မြင်ရတယ်။ လတိုင်းလိုလို အရပ်သားတွေ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးနေမှုတွေဟာ စိုးရိမ်ဖွယ်ကောင်းနေဆဲပါ။”
ရခိုင်မှာ အာရက္ခတပ်တော် ထိန်းချပ်ထားတဲ့ မြို့နယ် ၁၅ ခုနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ဟာ မြို့နယ်တိုင်းမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးရသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော် ရှိနိုင်တယ်လို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။


